
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ကျေးရွာမှာ လင်မယား ကွာရှင်းရေးကိစ္စ ဖြေရှင်းရာကနေ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ (ပအဖ) နဲ့ သားဖြစ်သူတို့က လူငယ်တယောက်ကို ရိုက်နှက်ခဲ့တာကြောင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒါ့အပြင် ဝင်ရောက်ဖျန်ဖြေပေးသူ ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက် ညပိုင်းက တင့်တယ်ကျေးရွာမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် လင်မယားဟာ နှစ်ဖက်မိဘတွေနဲ့အတူ ရပ်ကျေး ပအဖတာဝန်ခံထံ သွားရောက်ပြီး ကွာရှင်းခွင့် ချက်ချင်းပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဒါပေမဲ့ ပအဖတာဝန်ခံက ချက်ချင်း ဆောင်ရွက်မပေးဘဲ တပတ်ချိန်းဆိုခဲ့တာကြောင့် အမျိုးသားဖြစ်သူက မကျေမနပ် ပြောဆိုရာကနေ အချင်းများခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် ပအဖတာဝန်ခံရဲ့ သားဖြစ်သူနဲ့ လူငယ်တို့ ထိုးကြိတ်မှု ဖြစ်ပွားစဉ် ပအဖတာဝန်ခံက တုတ်နဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် အသက် ၂၅ နှစ်အရွယ် လူငယ်မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ၃ ချက်ခန့် ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေပေးခဲ့တဲ့ တခြား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့မှာလည်း လက်နဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့တာပါ။
ဒေသခံတယောက်က “ဒီဘက်နယ်မှာ လင်မယားကွာရှင်းမယ်ဆိုရင် တာဝန်ရှိသူတွေက ချက်ချင်းကွာမပေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တချို့က တပတ်မပြည့်ခင် ပြန်ပေါင်းသွားကြလို့ပါ။ အဲဒါကြောင့် ချက်ချင်း လက်မှတ်မထိုးပေးဘဲ တပတ် ပြန်ချိန်းတာကို အဆင်မပြေဘဲ စကားများကြရာကနေ အခုလို ဖြစ်သွားတာပါ”လို့ ပြောပါတယ်။
လက်ရှိမှာတော့ အရိုက်ခံရသူ လူငယ်ရဲ့ မိသားစုက တရားမျှတမှု ရရှိဖို့နဲ့ နောက်နောင် အလားတူ ဖြစ်စဉ်တွေ မဖြစ်ပွားစေဖို့အတွက် တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ထံ သွားရောက် တိုင်တန်းထားပါတယ်။











