
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ရွှေမင်းဘုန်းဒေသက ရွှေလုပ်ကွက်ဟောင်းတခု အောက်တိုဘာ ၂၀ ရက်က မြေပြိုကျပြီး အမျိုးသားတယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာ ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ကလည်း ကလောမြို့နယ် ရွှေမင်းဘုန်းဒေသ ရွှေလုပ်ကွက်တခုမှာ မတော်တဆမှုဖြစ်ပွားလို့ သွားရောက်ကူညီပေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတယောက်က “တောင်ပဲ့ကျေးရွာနားက အာရှကမ္ဘာမြေ ရွှေလုပ်ကွက်မှာ ဖြစ်တာ။ မိုးတွင်း ကာလဆိုတော့ မြေသားတွေ ပြိုကျတာမျိုးပါ။ အဲဒီလုပ်ကွက်က ပိတ်ထားတာလည်းကြာပြီ။ ခိုးတူးတာပေါ့” လို့ DVB ကို ပြောပါတယ်။
မြေပြိုကျမှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတယောက် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ညာဘက်ပေါင်ပြတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး ဒဏ်ရာရသူ ၃ ယောက်ကိုလည်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။











