
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလော-သာစည်နယ်စပ် ရွှေမင်းဖုန်းဒေသရှိ ရွှေလုပ်ကွက် တွင်းပြိုကျပြီး တွင်းလုပ်သား ၂ ယောက် သေဆုံးကာ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက်က ပြိုကျခဲ့ပြီး ၅ ယောက် ပျောက်ဆုံးကာ ၂ ယောက်ရဲ့အလောင်းကို ပြန်လည်တူးဖော်တွေ့ရှိပြီး ကျန် ၃ ယောက်ကိုလည်း ဆက်လက်တူးဖော်ရှာဖွေနေတယ်လို့ ပြောပါတယ်။
ဒေသခံသတင်းရင်းမြစ်တယောက်က “ဖောက်ခွဲမှုလုပ်ရင်းနဲ့ မြေပြိုသွားတာ။ ၂ ဦးတော့ သေဆုံးတဲ့အလောင်းကို ပြန်တွေ့ပြီ၊ ကျန် ၃ ဦးတော့ ရှာဖွေနေဆဲ” လို့ ပြောပါတယ်။
ပြန်ရှာတွေ့တဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့က အောင်ပန်းရင်ခွဲရုံကို ပို့ပေးပြီး မိသားစုတွေကို အကြောင်းကြားကာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ရွှေမင်းဖုန်းဒေသဟာ ကလောမြို့ အနောက်ဘက် ၁၀ ခန့်မိုင်မှာရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသလည်း ဖြစ်တယ်လို့ ပြောပါတယ်။
ရွှေမင်းဖုန်းဒေသမှာ ပြီးခဲ့တဲ့ မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဒေသခံ နေအိမ် ၁၀၀ ကျော် ပျက်စီးပြီး ရွှေတွင်းလုပ်ငန်းကိုလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။










