
အီရန်အစိုးရက ရွေးချယ်ထားတဲ့ ကုန်စုံဆိုင်တွေမှာ သုံးဖို့ ငွေသားမဟုတ်တဲ့ အီလက်ထရွန်းနစ် ခရက်ဒစ်ပုံစံနဲ့ လူတယောက်ကို ၇ ဒေါ်လာလောက်နဲ့ညီမျှတဲ့ အီရန်ငွေကြေး ရီယယ် ၁၀ သိန်း လစဉ်ထောက်ပံ့ကြေး စပေးဖို့ မျှော်လင့်ရတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ တွဲဖက်လည်ပတ်နေတဲ့ တက်စ်နင်မ်သတင်းဌာနက ဇန်နဝါရီ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ငွေကြေးတန်ဖိုး ကျဆင်းတာနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာတွေနဲ့ ပတ်သက်ပြီး တီဟီရန်မြို့တော်က ဈေးမှာစခဲ့တဲ့ ဆန္ဒပြပွဲတွေကြားမှာ အခုလှုပ်ရှားမှု ပေါ်ပေါက်လာတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
ဆန္ဒပြပွဲတွေရဲ့ ပထမ ၉ ရက်အတွင်း လူ ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ဆန္ဒပြသူ အယောက် ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ရဲ့ နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုတွေကြောင့် အီရန်ရဲ့ စီးပွားရေး ထိခိုက်ခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေအတွင်း အဓိကအားဖြင့် နျူကလီးယားနဲ့ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့ပါတယ်။
အီရန်အစိုးရဟာ နျူကလီးယားလက်နက်တွေ ထုတ်နေတယ်လို့ ပြောရင်း နျူကလီးယားနဲ့ဆိုင်တဲ့ နေရာတွေကို အနောက်နိုင်ငံတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
အီရန်အစိုးရကတော့ စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ အီရန်ငွေကြေး ရီယယ်ဟာ အင်္ဂါနေ့မှာ အမေရိကန် တဒေါ်လာကို ၁၅ သိန်းနီးပါးအထိ ထပ်ကျဆင်းခဲ့ပြီး ဆန္ဒပြပွဲတွေ စချိန်ကစပြီး ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။
ဆန္ဒပြပွဲတွေက စီးပွားရေးကို အာရုံစိုက်ရာကနေ ပိုကျယ်ပြန့်တဲ့ စိတ်ပျက်စရာ အခြေအနေတွေဆီ အမြန်ကူးစက်ခဲ့ပြီး ဆန္ဒပြသူတချို့က နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
အီရန်နိုင်ငံသား အက်ဇာတီက “ပြည်သူတွေ တကယ်ကို မောပန်းနေကြတယ်။ ဒါက မငြိမ်မသက်မှုတွေ၊ ဆန္ဒပြမှုတွေနဲ့တောင် မပတ်သက်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဝေဒနာကို သက်သာစေဖို့၊ အဲဒီဝေဒနာကို ကုသပေးဖို့ ကူညီပေးနိုင်သူတွေကို ကျနော် စိတ်ရင်းမှန်နဲ့ တောင်းဆိုပါတယ်။ အခုအချိန်ပါပဲ” လို့ ပြောပါတယ်။
Source: Reuters










