DVB Logo
Home
မြန်မာသတင်း
ချေးငွေလုပ်ငန်း လက်လှမ်းမမီသည့် ပြည်သူများ အရပ်ထဲ အတိုးနှုန်းကြီးမြင့်စွာဖြင့် ငွေချေးရ
သီရိ
·
September 23, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာပြည်တွင်းမှာ ပဋိပက္ခတွေကြောင့် အသေးစားချေးငွေလုပ်ငန်းတွေက ကျေးရွာတွေအထိ သွားပြီး ချေးငွေမချပေးနိုင်တော့တာကြောင့် ကျေးလက်ဒေသက ပြည်သူတွေဟာ တရားမဝင် အတိုးပေးစားသူတွေဆီကနေ အတိုးနှုန်းကြီးစွာပေးပြီး ငွေချေးယူနေကြရပါတယ်။ 

စစ်အာဏာသိမ်းထားတာ ကာလကြာရှည်လာတာနဲ့အတူ ကုန်ဈေးနှုန်းတွေကလည်း ကိုဗစ်ကပ်ရောဂါကာလမတိုင်ခင်ကထက် အဆမတန်မြင့်တတ်လာပါတယ်။

လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် အစားဝတ်နေရေး ပြေလည်စေဖို့အတွက် ငွေအရင်းအနှီး ပံ့ပိုးပေးနိုင်တဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFI) တွေဟာလည်း အရေးပါပါတယ်။

အရပ်သားအစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံတွင်း ဝင်ရောက်လာတဲ့ အသေးစားချေးငွေလုပ်ငန်း အမြောက်အမြားနိုင်ငံတွင်း ဝင်ရောက်လာခဲ့ပြီး အခြေခံလူတန်းစားတွေအတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFI) ကုမ္ပဏီ ၁၇၄ ခုရှိပြီး ကျပ်ငွေ ၂ ဘီလီယံ ထုတ်ချေးထားတယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လက်တွေ့မှာတော့ အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFI) တွေဟာ မြို့ပြတွေမှာ နေထိုင်တဲ့ ပြည်သူတွေကိုသာ ချေးငွေပေးနိုင်ပြီး ကျေးလက်ဒေသက ပြည်သူတွေကိုတော့ ချေးငွေမပေးနိုင်ဘူးလို့ MFI လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

မြို့ပေါ်နဲ့ အလှမ်းဝေးပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ကျေးရွာတွေကိုတော့ ချေးငွေကုမ္ပဏီတွေက Redzone အဖြစ် သတ်မှတ်ပြီး ချေးငွေမချပေးတော့ဘူးလို့ ချေးငွေကုမ္ပဏီက ဝန်ထမ်းတယောက်က ပြောပြပါတယ်။

“အစ်မတို့က အခုမြို့ပေါ်ဘက်ကို ပိုချေးတယ်ပေါ့လေ၊ တချို့ရွာတွေက RedZone ဖြစ်နေတော့ ဟိုးအရင်တုန်းက သွားခဲ့တဲ့နေရာတွေကျတော့ အဆင်မပြေတော့လေ၊ နယ်မြေကြောင့်လေ မရှိတော့ဘူး။ အရင်က လက်ကျန်တွေပဲ ပြန်ကောက်နေတာ၊ RedZone က ရုံးက သတ်မှတ်တာလေ၊ အစိုးရက အဲဒါတွေနဲ့ မဆိုင်ဘူး၊ နည်းနည်း နယ်မြေဆိုးတဲ့နေရာတွေဆိုရင် အစ်မတို့ သွားလို့ မရတော့ဘူး။ အဲဒါဆို Red Zone လို့သတ်မှတ်တယ်၊ ငွေမချတော့ဘူးပေါ့၊ သူတို့ဘာသူတို့ သူတို့သဘောအရ ပြန်ပေးတယ်ဆိုရင်တော့ K-pay တို့ Wave Money တို့ကနေ လွှဲပေးတာပေါ့၊ တချို့ကျတော့ ရုံးမှာ လာသွင်းကြတယ်၊ အစ်မတို့ ဝန်ထမ်းတွေတော့ မသွားတော့ဘူး။”

ချေးငွေလုပ်ငန်းတွေက ငွေမချပေးတော့တဲ့နောက် ကျေးလက်ဒေသက ပြည်သူတွေဟာ တရားမဝင် ငွေတိုးချေးစားသူတွေထဲကနေ အတိုးနှုန်းကြီးမြင့်စွာပေးပြီး ငွေချေးယူကြရပါတယ်လို့ ဆိုပါတယ်။

ချေးငွေလုပ်ငန်းတွေက‌ ငွေချေးယူရင် ကိုယ်ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းတွေကို ပြကာ ငွေချေးယူရပြီး ငွေကျပ် ၁ သိန်း ချေးရင် တလကို အတိုး ၂ ဒသမ ၅ ရာခိုင်နှုန်း ၂၅၀၀ ကျပ် ပေးရပြီး တနှစ်စာ ငွေသွင်းပြီး အရစ်ကျစနစ်နဲ့ ပြန်ဆပ်ရပါတယ်။

အခုလိုချေးငွေလုပ်ငန်းတွေကနေ လက်လှမ်းမမှီတဲ့ကျေးလက်ဒေသက ပြည်သူတွေကတော့ ငွေတိုးချေးစားသူတွေဆီကနေ ၅ ကျပ်တိုးကနေ ၁၀ တိုးပေးပြီး ငွေချေးယူနေရတဲ့အကြောင်း မွန်ပြည်နယ်က ဈေးဆိုင်ဖွင့်ထားသူ တ‌ယောက်က ပြောပြပါတယ်။

“ချေးထားတာ ၂ နှစ်ရှိသွားပြီ သိန်း ၈၀၊ ၅ ကျပ်တိုးပဲ၊ တလကို ၄ သိန်း အတိုးကတော့ ပုံမှန်ပေးရတာ၊ အတိုးကတော့ ပုံမှန်ပေးရတာ ၅ ကျပ်တိုးပဲ၊ တကယ်လုပ်ငန်းနဲ့ လုပ်တဲ့သူတွေလုပ်စားမယ်ဆိုရင် သိန်း ၄၊ ၅၊ ၈၀ နေ့ပြန်တိုးနဲ့ဆိုရင် သေသွားမှာပေါ့။”

အဲဒီလို ကျပ်သိန်း ဆယ်ချီကို အတိုးနှုန်းနည်းနည်းနဲ့ ချေးယူပေးတာက အတော်အသင့် လုပ်ငန်းအဆင်ပြေတဲ့သူမှပဲ ချေးယူနိုင်ကြတာပါ။

လက်လုပ်လက်စားသမားတွေကတော့ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းဖို့အတွက် အတိုးပမာဏ အများအပြားပေးပြီး ချေးယူနေကြရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အရပ်ထဲ ငွေ ၁ သိန်းချေးရင် တနေ့ကို အတိုး ကျပ် ၁,၀၀၀ ကနေ ၃,၀၀၀ အထိပေးပြီး ချေးယူနေရတယ်လို့ ကွမ်းစိုက်တောင်သူ တယောက်က ပြောပြပါတယ်။

“အခု ကွမ်းခူးတယ် ဘာတယ် မလည်ဘူးပေါ့၊ ပိုက်ဆံ တသိန်းလောက် ချေးပါ။ ဘယ်နေ့ ပြန်ပေးမယ် အဲဒီလိုလေးတွေ ယူကြတာပေါ့၊ ဒီအတိုးတွေကတော့ ဆင်းရဲသား များတာပေါ့၊ မရှိတဲ့ လက်လုပ်လက်စားတွေ ခေါင်းရွက်ဗျပ်ထိုး လုပ်စားတဲ့သူလေးတွေ အဲဒါတွေက ယူသုံးတာ များတာပေါ့၊ အတိုးကြီးတာကိုး။ လုပ်စားကြပါတယ်၊ အဲဒါနဲ့ ချမ်းသာတဲ့သူတွေတပုံကြီး၊ အဲဒီ နေ့ပြန်တိုးပေးစားပြီး ကျိကျိတက်သွားပြီ တယောက် အဲဒီအတိုးပေးစားတာကတော့ သတ္တိရှိမှရမယ်၊ မိုက်မှရမယ်။”

အဲဒီလို အတိုးနှုန်းတွေကို ကြီးမြင့်နေပေမဲ့ ငွေကြေးအဆင်မပြေတဲ့အတွက် အခြေခံလူတန်းစားတွေဟာ တရားမဝင်ငွေတိုးချေးစားသူတွေဆီကနေ ငွေတွေ ချေးယူနေပြီး အတိုးပေါ်  အတိုးဆင့်ပြီး ပိုမိုကျပ်တည်းနေတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013