DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်သူများ ကြီးလေးသည့် ရာဇဝတ်မှုများဖြင့် ရင်ဆိုင်နေရဟု IIMM ပြော
DVB
·
September 9, 2026
Photo: UN
Photo: UN
Donate to DVB

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ လူသတ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အင်အားသုံးပြီး နယ်မြေက ဖယ်ရှားမှုတွေကြောင့် ပြည်သူတွေဟာ ရာဇဝတ်မှုတွေရဲ့ ဒုက္ခကို ခံစားနေကြရတယ်လို့ IIMM ရဲ့ အကြီးအကဲက စက်တင်ဘာ ၇ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ရခိုင်လူမျိုးတွေနဲ့ ပြည်နယ်တွင်း နေထိုင်ကြတဲ့ တခြားလူမျိုးတွေဟာလည်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲဖြစ်သူ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေဟာ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေ ယူပြီး ထွက်ပြေးနေရဆဲ ဖြစ်သလို ၂၀၂၄ ခုနှစ် အစပိုင်းကတည်းက ရိုဟင်ဂျာ ၁၅၄,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မလုံခြုံမှုတွေ ဆက်ရှိနေတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ တသန်းနီးပါးအထိ ရှိလာပြီလို့လည်း နီကိုလတ်စ်ခွန်ဂျန်က ဆိုပါတယ်။

IIMM အနေနဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေ လွှဲပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေး ကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထား အများအပြားကို စုဆောင်းရရှိထားသလို သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားတယ်လို့ သိရပါတယ်။

လက်ရှိ ရရှိထားတဲ့ အထောက်အထားတွေဟာ ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုနိုင်တယ်လို့လည်း သူက လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားပါတယ်။

IIMM အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများအပြား မျှဝေပေးထားပြီး ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး (ICJ) နဲ့ အာဂျင်တီးနားနိုင်ငံတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေကာ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်ခဲ့သလို အခုချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ သူက အစီရင်ခံ ပြောကြားခဲ့တာပါ။

လက်ရှိမှာ မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ရန် ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခိုလှုံဖို့ အချိန်နည်းလာသလို “နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု” နည်းလမ်းကို ပိုသုံးလာတယ်လို့ ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်ဘက်ကတော့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလရဲ့ လူ့အခွင့်အရေးကောင်စီမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို လက်ခံ အသိအမှတ်မပြုဘူးလို့လည်း စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန် ကန့်ကွက်ထားပါတယ်။

Photo: UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013