
စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်းတာဝန်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးစီးနင်းလာတဲ့ ယာဥ်တန်း ဇန်နဝါရီ ၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်က မိုင်တိုင်အမှတ် ၃၂ မှာ တိုက်ခိုက်ခံရပြီး ရဲမှူးအပါအဝင် ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေပြည်တော်ကနေ မကွေးတိုင်းကို ကြိုတင်မဲကိစ္စနဲ့ လာရောက်စဉ် နေပြည်တော်-မြို့သစ်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် ၃၂/၇ အနီးမှာ တိုက်ခိုက်ခံရတာလို့ ဖြစ်စဥ်သိသူ တယောက်က ပြောပါတယ်။
"မကွေးတိုင်း ကြိုတင်မဲကိစ္စနဲ့ အစည်းအဝေးလုပ်ဖို့ ဦးအောင်လွင်ဦးကို နေပြည်တော်ကခေါ်လာ တဲ့အချိန် ကံပြားလမ်းမှာ တိုက်ခိုက်ခံရတာ မြို့သစ်မြိုနယ်မှူးသေတယ်၊ ကိုယ်ရေးအရာရှိတ ဦးသေတယ်၊ ဒုတပ်ကြပ်တဦးသေတယ်။ ရဲ ၃ ယောက် ဒဏ်ရာရတယ်။ ဦးအောင်လွင်ဦးလည်း အတော်လေး ကြောက်ပြီး စစ်တပ်အကူအညီနဲ့ နေပြည်တော်ကို ချက်ချင်းပြန်သွားတယ်။"
ပစ်ခတ်မှုဖြစ်စဥ်မှာ မြို့သစ်၊ မြို့နယ်ရဲမှူးထွန်း လင်းအောင်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဦးအောင်ကျော်သူနဲ့ ရဲဒုတပ်ကြပ်မိုးဝင်းတို့ သေဆုံးပြီး ရဲတပ်ကြပ်ကြီးတဦးနဲ့ ရဲတပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
"သေတဲ့သူရော ဒဏ်ရာရတဲ့သူတွေရော မြို့သစ်ဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း စိုးရိမ်ရတဲ့အခြေအနေပါ။ အခုလိုတိုက်ခိုက်ခံရတဲ့အတွက် အစည်းအဝေးပျက်သွားတယ်။"
လက်ရှိအချိန်ထိ အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အ စည်းဘက်ကရော စစ်ကောင်စီဘက်ကရော ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။










