
မကွေးတိုင်းအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူလူဦးရေ ၁ သိန်းကျော် အသစ်ထပ်မံ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဇူလိုင် ၁၃ ရက်က နောက်ဆုံးထုတ်ပြန်တဲ့ UN OCHA Myanmar ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာအရ သိရပါတယ်။
နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ နေရပ်စွန့်ခွာမှုအသစ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး၊ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၃ ဒသမ ၈ သန်းနီးပါးအထိ ရှိလာရာ အများစုဟာ အကြိမ်ကြိမ် စစ်ဘေးရှောင်နေရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် တနိုင်ငံလုံးမှာ အရေးပေါ်အကူအညီ လိုအပ်သူ ပြည်သူ ၁၆ သန်းကျော်အထိ ရှိနေပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ရင်ဆိုင်နေရတဲ့ နိုင်ငံတခု ဖြစ်လာနေပြီလို့ ဆိုပါတယ်။
လတ်တလော ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းအထိ လူသားချင်းစာနာမှုအတွက် လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၉၀ သန်းအနက် ၄၃ ရာခိုင်နှုန်းကိုသာ ရရှိထားသေးတာကြောင့်၊ စစ်ဘေးရှောင်ပြည်သူတွေကို အသက်ကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့ ရန်ပုံငွေတွေ အရေးပေါ်လိုအပ်နေဆဲ ဖြစ်တယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။
Photo: IDPs Support Group










