
လေယာဥ်တင်ဆီကိစ္စ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ အနားပေးခံခဲ့ရတဲ့ စစ်ဦးစီးအရာရှိချုပ် (လေ) ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို ဇန်နဝါရီ ၅ ရက်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် စစ်ခေါင်းဆောင်က ခန့်အပ်လိုက်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
“စစ်ဦးစီးအရာရှိချုပ် (လေ) ကို တာဝန်ကနေ အနားပေးကတည်းက သံအမတ်ကြီးတနေရာ ပြန်ပေးမယ်ဆို သတင်းတွေထွက်ပြီးသား။ လေယာဥ်တင်ဆီကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ စစ်ဆေးပြီးမှ ခန့်လိုက်တာ၊ ဒီနေ့ဆို ခန့်အပ်ကြောင်းစာထွက်ပြီ။”
စစ်ခေါင်းဆောင်က ၂၀၂၅ ခု နိုဝင်ဘာ ၂၅ ရက်က စစ်ဦးစီအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို ရာထူးကနေ ဖယ်ရှားပြီး စစ်ဆေးမှုအချို့ လုပ်နေတာဖြစ်ပါတယ်။
အရင် တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှာ နေပြည်တော်ကောင်စီ အတွင်းရေးမှူးဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးချုပ်တဦးဖြစ်ကာ အာဏာသိမ်းပြီးနောက် Non CDM ဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်သင်တန်းတက်ဖို့ ညွှန်ကြားစာထုတ်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ် ၆ ရက်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ယူနန်ခရီးစဥ်အတွင်း ရုတ်တရက်ကွယ်လွန်ခဲ့ရာ အငြိမ်းစားဗိုလ်မှူးချုပ် တင်မောင်ဆွေကို တရုတ်သံအမတ်ကြီးအဖြစ် စစ်ခေါင်းဆောင်က ခန့်ခဲ့တာပါ။
ယူနန်ခရီးစဥ်အတွင်း လေယာဥ်ပေါ်မှာ ကွယ်လွန်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေကို ၂၀၁၉ ခု NLD အစိုးရလက်ထက်မှာ သမ္မတဦးဝင်းမြင့်က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။










