
စစ်ခေါင်းဆောင်က စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို နိုဝင်ဘာ ၂၅ ရက်က တာဝန်ကနေ အနားပေးလိုက်ပြီး သူ့ရဲ့နေရာကို လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး တယောက်ကို အစားထိုးလိုက်တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို လေကြောင်းတိုက်ခိုက်မှု၊ လေယာဥ်တင်ဆီကိစ္စတွေနဲ့ နိုဝင်ဘာ ၂၀ ရက်ကတည်းက စစ်ဆေးနေခံရပြီး တာဝန်ကနေ အနားပေးလိုက်တာလို့ နေပြည်တော် သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“အသက်အရွယ်အရရော လေယာဥ်တင်ဆီကိစ္စမှာ လာဘ်စားတဲ့ကိစ္စရော ပေါင်းပြီး အနားပေးလိုက်တာ။ သူ့နေရာမှာ အနောက်ပိုင်းလေတပ်စခန်းက ဌာနချုပ်မှူးကို ခန့်တယ်လို့ သတင်းတွေ ထွက်နေတယ်။”
စစ်ဦးစီးအရာရှိချုပ်(လေ) နေရာမှာ ဗိုလ်ချုပ်ထွန်းဝင်းကို ခန့်တယ်လို့ သတင်းတွေ ထွက်နေသလို ဗိုလ်ချုပ်သိန်းထွန်းဦးလည်း ဖြစ်နိုင်တယ်လို့ လေတပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဗိုလ်ချုပ်ထွန်းဝင်းက အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်က ၂၀၂၃ က ပြောင်းသွားတာ၊ အဲဒီနောက်ပိုင်းကနေ အခုချိန်ထိ တာဝန်ယူထားတာ ဗိုလ်ချုပ်သိန်းထွန်းဦးပါ။ စစ်ဦးစီးအရာရှိချုပ်(လေ) နေရာကို သူတို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ခန့်မယ်ဆိုတာ အခုချိန်ထိ မသိရသေးဘူး”လို့ ပြောပါတယ်။
လေတပ်မှာ ကာကွယ်ရေးဦးစီးချုပ်(လေ) ပြီးရင် စစ်ဦးစီးအရာရှိချုပ်က ဒုတိယရာထူးအကြီးဆုံး ဖြစ်ပြီး သူ့အောက်မှာ ဗိုလ်ချုပ်အဆင့်ရှိ ဌာနချုပ်မှူး ၅ ယောက်ရှိပါတယ်။
စစ်ခေါင်းဆောင်က နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ဆင်ရေး မအောင်မြင်မှုနဲ့ လာဘ်စားမှုတွေကြောင့် စုံခုံစစ်ဆေးနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွေးကို တာဝန်ကနေအနားပေးပြီး စစ်ဦးစီးတက္ကသိုလ်က ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရကို ခန့်အပ်ခဲ့ပါတယ်။










