
စင်ကာပူနိုင်ငံသူ ရီနာလီဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားသူကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အရှေ့တောင်အာရှကနေ ဒီတာဝန်ကို ပထမဆုံး တာဝန်ယူရတဲ့ အမျိုးသမီးဖြစ်တယ်လို့ စင်ကာပူ ဥပဒေရေးရာဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ သံအမတ်ကြီးဖြစ်တဲ့ ရီနာလီဟာ ICJ ရဲ့ ၂၀၂၇-၂၀၃၆ သက်တမ်းအတွက် တရားသူကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဖြစ်ပြီး ICJ တရားသူကြီး သက်တမ်းကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်မှာ ဖြစ်ပါတယ်။
ICJ ကို ၉ နှစ် သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ထားတဲ့ မတူညီတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက တရားသူကြီး ၁၅ ယောက်နဲ ဖွဲ့စည်းထားတာပါ။
၂၀၂၇-၂၀၃၆ သက်တမ်းအတွက် လစ်လပ်နေတဲ့ ICJ တရားသူကြီး ၅ နေရာအတွက် ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့က နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) နဲ့ လုံခြုံရေးကောင်စီ (UNSC) နှစ်ခုလုံးမှာ ကျင်းပခဲ့ပါတယ်။ လီနာရီဟာ UNGA ရဲ့ ၁၉၁ မဲထဲက ၁၅၁ မဲ၊ UNSC ရဲ့ ၁၅ မဲထဲက ၁၃ မဲ ရရှိခဲ့တာပါ။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က “ဒီရလဒ်တွေဟာ သံအမတ်ကြီး လီ ရဲ့ ထက်မြက်တဲ့စွမ်းဆောင်ရည်၊ ကျယ်ပြန့်တဲ့အတွေ့အကြုံနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာနယ်ပယ်မှာ သူ့ရဲ့ ရပ်တည်ချက်ကို အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းက အသိအမှတ်ပြုကြောင်း သက်သေပြနေတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့လည်း ကမ္ဘာတဝန်းက မိတ်ဆွေများစွာရဲ့ ယုံကြည်မှုအတွက် အထူးကျေးဇူးတင်ပါတယ်။ စင်ကာပူနိုင်ငံသား တယောက်အနေနဲ့ ICJ မှာ ပထမဆုံးအကြိမ် ပါဝင်အမှုထမ်းခွင့်ရရှိတာကို လည်း ဂုဏ်ယူမိပါတယ်။ ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အဖွဲ့အစည်းတခုအဖြစ် ICJ ဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို မြှင့်တင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ သံအမတ်ကြီး လီ အနေနဲ့ ICJ တရားသူကြီးတယောက်ရဲ့တာဝန်တွေကို လွတ်လပ်စွာနဲ့ ထူးချွန်ထက်မြက်စွာ ထမ်းဆောင်သွားမှာကို စင်ကာပူအစိုးရက လုံးဝယုံကြည်ပြီး တရားရုံးရဲ့လုပ်ငန်းတွေမှာ သူ့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို မျှော်လင့်နေပါတယ်” လို့ ပြောပါတယ်။
စင်ကာပူအစိုးရအပါအဝင် ဥပဒေရေးရာဝန်ကြီးနဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီးတို့ကလည်း အခုလို ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ထုတ်ပြန်ပြောဆိုကြပါတယ်။
လီနာလီကလည်း “အပြည်ပြည်ဆိုင်ရာတရားရုံးဟာ အထူးသဖြင့် ကမ္ဘာ့မရေရာမှုတွေ တိုးပွားလာနေတဲ့ အချိန်မျိုးမှာ အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ထိန်းသိမ်းရေးတို့မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရှေ့လာမဲ့နှစ်တွေမှာ တရားရုံးရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေမှာ လွတ်လပ်မှု၊ ဘက်လိုက်မှုမရှိမှု၊ ဖြောင့်မတ်တည်ကြည်မှုတို့နဲ့ ပါဝင်အမှုထမ်းသွားဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
လီနာလီဟာ နိုင်ငံတကာဥပဒေနယ်ပယ်မှာ နိုင်ငံတကာအဆင့်နဲ့ နိုင်ငံအဆင့် အစိုးရဥပဒေအကြံပေး၊ သံတမန်နဲ့ နိုင်ငံတကာညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာဥပဒေဆိုင်ရာ သံအမတ်ကြီးဖြစ်လာပြီး စင်ကာပူအစိုးရကို နှစ်ပေါင်း ၃၀ ကျော်ကြာ နိုင်ငံတကာဥပဒေဆိုင်ရာ အကြံပေးခဲ့သူဖြစ်ပါတယ်။











