
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေမှာ တပိုင်တနိုင် မွေးမြူထားတဲ့ ဝက်တွေ ဆက်တိုက်သေဆုံးနေတဲ့အတွက် ဒေသခံမွေးမြူရေးသမားတွေနဲ့ ပြည်သူတွေကြားမှာ ရောဂါကူးစက်မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ဝက်တွေဟာ မေလကတည်းက စတင်သေဆုံးလာခဲ့တာဖြစ်ပြီး အခုအချိန်အထိ ဆက်တိုက်သေနေဆဲဖြစ်တာကြောင့် ဒေသတွင်း ဝက်သားရောင်းချတဲ့ဆိုင်တချို့ပါ ပိတ်ထားရတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးဒေသခံတယောက်က “ဒေသခံတွေလည်း မစားရဲကြဘူး။ ဝက်တွေက ကိုယ်အပူချိန်မြင့် တယ်၊ ပါးစပ်နဲ့ နှာခေါင်းက သွေးထွက်တယ်။ ပြီးတော့ ခံတွင်းမှာ အရည်ကြည်ဖုတွေ ထွက်လာပြီး သေသွားတယ်။ ဘယ်သူမှ ဝက်သားမဝယ်စားရဲတော့ဘူး။ ဝက်သားဆိုင်တွေလည်း ပိတ်ထားကြ ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ ဝက်တွေရဲ့ အတွင်းအင်္ဂါတွေကို စစ်ဆေးကြည့်တဲ့အခါ အူနဲ့ ကလီစာတွေ မှာ အစက်အပြောက်လို အခြေအနေတွေကို တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က “အခုလို ဝက်တွေ ဆက်တိုက်သေနေတာက မွေးမြူရေးလုပ်တဲ့ သူတွေအတွက် အခက်အခဲကြီး ဖြစ်လာတယ်။ တပိုင်တနိုင် မွေးတဲ့သူတချို့ဆို ဝက် ၁၀ ကောင်၊ ၂၀ ကောင်လောက်အထိ ဆက်တိုက်သေကြတာကြောင့် အရှုံးအရမ်းများနေတယ်။ ဒီလိုရောဂါကူးစက် နေတဲ့ အခြေအနေက တကယ်စိုးရိမ်စရာ ကောင်းတယ်” လို့ ပြောပါတယ်။
ဒေသခံတချို့ကတော့ အခုတွေ့ရတဲ့ လက္ခဏာတွေဟာ အာဖရိကန်ဝက်ဖျားရောဂါ (ASF) နဲ့ ဆင်တူနေတယ်လို့ ပြောနေကြပေမဲ့ အဲဒီအချက်ကို တာဝန်ရှိသူတွေက အတည်မပြုသေးပါဘူး။
ဒေသခံတွေကတော့ မွေးမြူထားတဲ့ ဝက်တွေမှာ အလားတူ လက္ခဏာတွေ တွေ့ရရင် သက်ဆိုင်ရာ ဌာနကို အမြန်ဆုံး အကြောင်းကြားပြီး စစ်ဆေးပေးဖို့၊ သေဆုံးသွားတဲ့ ဝက်တွေကိုလည်း စနစ်တကျ ဖျက်သိမ်းစွန့်ပစ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။










