
ဒီနှစ် အင်းလေး ဖောင်တော်ဦးဘုရားပွဲကို ခရီးသွားလာရောက်မှု နည်းလို့ ဈေးသည်တွေနဲ့ စက်လှေသမားတွေလည်း စီးပွားရေး အဆင်မပြေကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနှစ် ၂၀၂၆ ခုနှစ်အတွက် အင်းလေးဖောင်တော်ဦး ဘုရားပွဲကို အောက်တိုဘာ ၁၂ ရက် သီတင်းကျွတ်လဆန်း ၁ ရက်ကနေ အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့အထိ ကျင်းပနေတာပါ။
အင်းလေး ဖောင်တော်ဦးဘုရားပွဲဟာ အရင်နှစ်တွေက ညောင်ရွှေမြို့ကို ဘုရားရောက်တဲ့ရက်မှာ ကြက်ပျံမကျ စည်ကားခဲ့ပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေကလောက် မစည်ကားဘူးလို့ ဆိုပါတယ်။
ဘုရားပွဲတော်ကာလမှာ မဖြစ်မနေ ပွဲတော်ဖြစ်မြောက်ရေးမှာ ပါဝင်ရတဲ့ ဒေသခံပြည်သူတွေသာရှိပြီး တခြားမြို့ရွာတွေက လာရောက်တဲ့ ခရီးသွား နည်းပါးနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ကနေ ညောင်ရွှေကို သွားတဲ့လမ်းတလျှောက် စစ်အာဏာရှင်တပ်ရဲ့ ဂိတ်တွေမှာ စစ်ဆေးမှုများတဲ့အတွက် ပြည်သူတွေအနေနဲ့ ခရီးသွားရမှာ စိုးရိမ်မှုတွေကြောင့် ခရီးသွား အလာနည်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ခရီးသွား နည်းတာကြောင့် အင်းရိုးရာပစ္စည်းတွေ ရောင်းအားနည်းကာ ဒေသခံတွေရဲ့ စီးပွားရေးလည်း မပြေလည်ကြဘူးလို့ အင်းလေးဒေသခံတယောက်က ပြောပါတယ်။
“စည်သင့်သလောက်တော့ စည်ပါတယ်။ ဒါပေမဲ့ ညောင်ရွှေမြို့ကို ဘုရားရောက်တဲ့နေ့ကတော့ သိသာပါတယ်။ အရင်ကဆို ကမ်းလုံးပြည့် ကြက်ပျံမကျ စည်ကားနေပေမဲ့ ဒီနှစ်ကတော့ ခြောက်ကပ်နေပါတယ်။ ဘုရားကြိမ်းနေတဲ့ရက်မှာတော့ မြို့ထဲမှာ ဇာတ်သဘင်တွေလည်း ပါပါတယ်။ ဒါပေမဲ့ အရင်ကလို တခြားမြို့ရွာတွေကလာတဲ့လူ သိပ်မစည်ကားပါဘူး။ အင်းသား တိုင်းရင်းသူတယောက်အနေနဲ့ ဘုရားပွဲတော်ကာလမှာ အရင်ကလို မပျော်ပါဘူးရှင်။ တနေရာရာမှာ တခုခု ဖြစ်မလားလို့ စိုးရိမ်နေရပါတယ်။”
ဒါ့အပြင် စက်သုံးဆီ ရှားပါးတာနဲ့ စက်သုံးဆီဈေး မြင့်တတ်တာကြောင့် စက်လှေငှားရမ်းခတွေ မြင့်တက်လာပေမဲ့ ခရီးသွားနည်းလာတာကြောင့် စက်လှေငှားရမ်းတဲ့ ခရီးသည်တွေလည်း ရှားလာတယ်လို့ ဆိုပါတယ်။
အင်းလေးဒေသက စက်လှေသမားတွေဟာ သီတင်းကျွတ် ဘုရားပွဲတော်ကာလနဲ့ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကာလ၊ သင်္ကြန်ကာလတွေမှာ ခရီးသွားဧည့်သည် လာမဲ့အချိန်ကို မျှော်လင့်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။
စက်သုံးဆီဈေးနှုန်းတက်လာပြီး ဝယ်ယူရ ခက်လာတာကြောင့်လည်း အင်းလေးဒေသကို ခရီးသွားလာရောက်မှု နည်းပါးတာကြောင့် စက်လှေသမားတွေလည်း အလုပ်မဖြစ်ဘူးလို့ အင်းလေးဒေသမှာ စက်လှေမောင်းသူတယောက်က ပြောပါတယ်။
“ဘုရားဖူးဧည့်သည်တွေက နည်းတယ်ဗျ၊ ဒီနှစ်ကလေ၊ ဒီနှစ်က နည်းတယ်။ အရင်နှစ်တွေကလို မများဘူး။ ဧည့်သည်တွေလည်း သိပ်မရှိဘူးဗျ။ အခုက မသွားရတာတောင် ကြာပြီ။ ခရီးသွားနည်းတာဆိုရင် ဒီဆီဈေးတွေနဲ့လည်း ပတ်သက်မှာပေါ့။ ဆီဈေးက အတက်အကျတွေ အရမ်းမြန်တယ်။ ခရီးသွားတွေလည်း ခက်ခဲမယ် ထင်တယ်။ အဲဒါကြောင့်မလို့ မလာတော့တာ ထင်တယ်။ ကျနော်တို့ကတော့ အခုက အလုပ်မဖြစ်ဘူး၊ ကျနော်တို့ စက်လှေသမားတွေလည်း။”
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်ဘုရားကို ရွှေအင်းတိန်စံကျောင်းကနေ ညောင်ရွှေမြို့ အပါအဝင် ဒေသတွင်း ၂၁ ဌာနကို ဒေသစာရီကြွချီပြီး အပူဇော်ခံနေခဲ့တာ ဖြစ်ပါတယ်။
ဘုရားပွဲအစီအစဥ်ကို အရင်နှစ်တွေကအတိုင်း ကျင်းပကြပြီး ကျေးရွာအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ငွေကြေးအကုန်အကျခံပြီး ကျင်းပကြရတာလို့ ဒေခံတွေက ပြောပါတယ်။
ပွဲတော်လုံခြုံရေးအတွက်လည်း စစ်အာဏာရှင် တပ်သားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေကို အသုံးပြုပြီး အရင်နှစ်တွေကထက် အင်အားပိုသုံးလာတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။











