
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရားပွဲမှာ ဘုရားဆွဲလှေပေါ်ကနေ ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတယောက်ရဲ့ ရုပ်အလောင်းကို ၂ ရက်အကြာ အောက်တိုဘာ ၁၈ ရက် မနက်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အင်းလေးဒေသခံတွေက DVB ကို ပြောပါတယ်။
သေဆုံးသူဟာ ငါးဖယ်ချောင်းကျေးရွာအုပ်စု လယ်သစ်အောက်ရွာက ကျောင်းသား မောင်ကြယ်စင်လင်း ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက် မနက် ၈ နာရီခန့်မှာ ဖောင်တော်ဦးဘုရား ရုပ်ပွားတော်လေးဆူကို ငါးဖယ်ချောင်းရွာကနေ ကြေးစားကုန်းရွာဆီ ပင့်ဆောင်စဉ် မြေနီကုန်းရွာအနီးမှာ ရေထဲပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
ရေထဲပြုတ်ကျပြီးနောက် ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းရှာဖွေခဲ့ကြပြီး အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာ အင်းလယ်ဗိုလ်တဲအနီးကနေ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။
သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတယောက်က “သေဆုံးသွားသူက အသက် ၁၆ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ အတက်ရောဂါလည်း ရှိတယ်လို့ ပြောပါတယ်။ မြေနီကုန်း အရှေ့မြောက်ထောင့် အင်းလယ်ဗိုလ်တဲနားလေးမှာ မနက် ၆ နာရီလောက်က အလောင်းကို တွေ့တာပါ။ အခု သူ့အလောင်းကို ဒီနေ့ (အောက်တိုဘာ ၁၈) ညောင်ရွှေသင်္ချိုင်းကုန်းမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
မောင်ကြယ်စင်လင်း ရေထဲပြုတ်ကျရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒီနှစ် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စတင်ကျင်းပတဲ့ အောက်တိုဘာ ၁၂ ရက်မှာ ဘုရားဆွဲလှေတစင်းနဲ့ နောက်တနေ့ အောက်တိုဘာ ၁၃ ရက်မှာ ကရဝိတ်အလှပြလှေတစင်း ရေဝင်တိမ်းမှောက်ခဲ့ပေမဲ့ ဖြစ်စဉ်နှစ်ခုစလုံးမှာ လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်က ဘုရားဆွဲလှေဟာ စက်လှေတွေ မောင်းနှင်ရာက ဖြစ်ပေါ်လာတဲ့ လှိုင်းပုတ်ခတ်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်မှာတော့ အမျိုးသမီး ၂၀ ကျော် လိုက်ပါလာတဲ့ ကရဝိတ်အလှပြလှေတစင်း ရေစိမ့်ဝင်တိမ်းမှောက်ခဲ့ကာ အသံချဲ့စက်နဲ့ တူရိယာပစ္စည်းတချို့ ပျက်စီးဆုံးရှုံးခဲ့တာပါ။
အင်းသားဒေသခံ ကိုမင်းက “ဒီနှစ် ဘုရားပွဲကတော့ တော်တော်ထူးတယ် ပြောရမယ်။ ဘုရားပွဲ စလုပ်တဲ့ ပထမဆုံးနေ့မှာပဲ စက်လှေမှောက်တယ်။ နောက်နေ့မှာလည်း ဘုရားပွဲတော်ထဲမှာပါတဲ့ အလှပြလှေတစင်း မှောက်တယ်။ အဲဒီနေ့အထိ လူသေဆုံးတာ မရှိခဲ့ပေမဲ့ ဘုရားပွဲ လေးရက်မြောက်နေ့မှာ ဘုရားဆွဲလှေပေါ်မှာ ပါလာတဲ့သူက ရေထဲပြုတ်ကျသွားတာ။ သေနိုင်တယ်ဆိုတာ သိပေမဲ့ ဒီနေ့ ၁၈ ရက်မှ သူ့အလောင်းကို တွေ့ရတာပါ။ စစ်တပ်အာဏာသိမ်းပြီး ဖောင်တော်ဦးဘုရားပွဲတော်မှာ ဘုရားဆွဲလှေပေါ်ကနေ ပြုတ်ကျလို့ သေတာ ပထမဆုံးပါ” လို့ ပြောပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး အခြေအနေတွေကြောင့် သုံးနှစ်ကြာ ရပ်နားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ် ဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကျင်းပနေပြီး ဘုရားရုပ်ပွားတော်လေးဆူကို အင်းလေးဒေသ ၂၁ ဌာနဆီ ဒေသစာရီ ကြွချီပူဇော်ခံနေတာ ဖြစ်ပါတယ်။











