DVB Logo
Home
မြန်မာသတင်း
စေ့စပ်ဆွေးနွေးရန် အမေရိကန် တိုက်တွန်းချက် ဘယ်လိုသဘောဆောင်ပါလဲ
DVB
·
January 5, 2026
စေ့စပ်ဆွေးနွေးရန် အမေရိကန် တိုက်တွန်းချက် ဘယ်လိုသဘောဆောင်ပါလဲ
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာ့လွတ်လပ်ရေးနေ့ ထုတ်ပြန်ချက်ပါ စေ့စပ်ဆွေးနွေးရေး တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး လုပ်ဆောင်သူတွေကြားမှာ စိုးရိမ်မှုတချို့ ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တာတွေကို ရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားစာနာအကူအညီတွေအတွက် လမ်းဖွင့်ပေးဖို့၊ စေ့စပ်ဆွေးနွေးအဖြေရှာဖို့ စတဲ့ အချက် ၄ ချက်ပါတဲ့ ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ခဲ့တာပါ။

မာကိုရူဘီယိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ နောက်ဆုံးအချက် စေ့စပ်ဆွေးနွေးအဖြေရှာဖို့ ဆိုတဲ့အချက်ဟာ သမ္မတဘိုင်ဒင် အစိုးရလက်ထက်က ထွက်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ အတွက် ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေပြီး အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်မဲ့ မူဝါဒရေးရာ တစွန်းတစ ဖြစ်လာဖို့ ရှိနေတာပါ။

ဒီအချက်ဟာ လက်ရှိ မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းသိနိုင်အောင် ကြိုးစားပြီး လိုအပ်တဲ့ သတင်းပေး ဆောင်ရွက်တာတွေ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတယောက်က မှတ်ချက်ပေးပါတယ်။

နိုဝင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် (TPS) ကို ဖျက်သိမ်းကြောင်း ကြေညာတုန်းက မှားယွင်းတဲ့ကောက်ချက်တွေနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အတွက် အလားတူ အခြေအနေမျိုး ထပ်မဖြစ်အောင် ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်နေတာပါ။

လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ လူမှုရေးအကူအညီဘက်ကို လမ်းဖွင့်ပေးဖို့၊ စတုတ္ထအချက်ကျတော့ နည်းနည်းကွာသွားတယ်ဗျ။ အရင် ဘိုင်ဒင် လက်ထက်တုန်းကဆိုရင် စတုတ္ထအချက်က ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ပြန်သွားရေးပေါ့နော်။ အခုကျတော့ အဲဒီနေရာမှာ Engage and Dialogue ဆိုတာ ပြောင်းလိုက်တယ်။ ငြိမ်းချမ်းရေး ညှိနှိုင်းသင့်တယ်ပေ့ါနော် ဆိုပြီးတော့ စစ်တပ်ကို တိုက်တွန်းတယ်။ အဲဒါကို Advocate စည်းရုံးရေးလုပ်နေတဲ့ သူတွေက သဘောအကျစားကြီး မဟုတ်ဘူးပေါ့ဗျာ။ သူတို့အနေနဲ့ကျတော့ ဒီဥစ္စာကို နည်းနည်းစိုးရိမ်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဟာ မြေပြင်အခြေအနေနဲ့ဆိုရင် အဲဒါတော့ မလိုလားအပ်ဘူးပေါ့။ မြေပြင်က အင်အားစုတွေကတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ သူတို့လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ရမှာပဲလေ။ ထုံးစံအတိုင်းပေါ့နော်၊ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ဘယ်သူမှ အားကိုးလို့မရဘူးလို့တော့ ကျနော်တို့ ယူဆတယ်ဗျာ” လို့ ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးတဲ့ ဒေသစံတော်ချိန် ဇန်နဝါရီ ၃ ရက်နေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ စစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ ထုတ်ပြန်ချက် ထွက်လာခဲ့တာပါ။

ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးတဲ့သတင်းနဲ့ မြန်မာ့အရေးဟာ တိုက်ရိုက်သက်ဆိုင်တာမျိုး မရှိပေမဲ့ တရုတ်အစိုးရကို ကျောထောက်နောက်ခံပြုထားတဲ့ အာဏာရှင်တွေကို ဆက်တိုက်ဆိုသလို ဖိအားပေးတဲ့ အခြေအနေတော့ ဖြစ်ခဲ့တယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်းပဲ အကြမ်းဖက်မှုတွေမလုပ်ဖို့ တရားဝင်ပေ့ါနော် ထုတ်ပြီး ပြောလာတာမျိုးတွေ ရှိတယ်။ ဒီဟာတွေကိုကြည့်မယ်ဆိုရင် အမေရိကန်အစိုးရက အာဆီယံနဲ့ ပတ်သက်တဲ့ ဒေသဝန်းကျင်တွေမှာ မတည်ငြိမ်မှုတွေ ဖြစ်လာမယ်၊ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကို အခု ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်ကို ဖမ်းဆီးလိုက်သလိုမျိုးပဲ သူတို့တွေ လုပ်လာနိုင်တယ် ဆိုတာမျိုး ပြသလိုက်တယ်လို့ ကျမတို့တွေ ယူဆလို့ရပါတယ်။ ကျန်တဲ့ အာဏာရှင်တွေကိုလည်း သတင်းစကား ပါးလိုက်တာပေ့ါနော်” လို့ ပြောပါတယ်။

လတ်တလော မြေပြင်စစ်ရေးအရ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေဟာ တွေ့ဆုံဆွေးနွေးရေးလမ်းကို ရောက်ဖို့ အခြေအနေမပေးသေးဘူးလို့ မြေပြင်နိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။

မြေပြင်တော်လှန်ရေးအင်အားစုတွေကတော့ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ အကူအညီကို ရယူဖို့ထက် ကိုယ့်အလုပ်ကို ပုံမှန်လုပ်ဆောင်သွားဖို့သာ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့မှ ကိုစိုးဝင်းဆွေက “မင်းအောင်လှိုင် အလှည့်တော့ မျှော်လင့်မိပေမဲ့ ကျနော်တို့နိုင်ငံကတော့ ဖြစ်နိုင်ခြေနည်းမယ်လို့ ထင်တယ်။ ဗင်နီဇွဲလားနဲ့ မြန်မာနိုင်ငံက ပထဝီအခြေအနေလည်း မတူဘူး၊ နိုင်ငံကြီးတွေရဲ့ စိတ်ဝင်စားမှုလည်း မတူညီဘူးလေ။ မင်းအောင်လှိုင် အုပ်စုကတော့ တရုတ်အပိုင်လိုဖြစ်နေတဲ့ အခါကျတော့ အမေရိကန်အနေနဲ့က မြက်မြက်သက်သက် အကျိုးရတာမျိုး မရှိရင်တော့ မြန်မာပြည်ကိစ္စမျိုးမှာ ဝင်မပါနိုင်လောက်ဘူးလို့ ထင်တယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာစသိမ်းကတည်းက အမေရိကန်နဲ့ တရုတ်တို့ အပါအဝင် နိုင်ငံတကာက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ချဉ်းကပ်ဖို့ ကြိုးစားခဲ့ကြတာပါ။

အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ပြီး စေ့စပ်ရေးလမ်းကို သွားနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အချိန် ၅ နှစ်နီးပါး ကြာလာတဲ့အထိ မြင်သာတဲ့ ထိရောက်မှု မရှိခဲ့ပါဘူး။

အချိန်ကြာလာတာနဲ့အတူ မြန်မာ့အရေးအပေါ် အာဆီယံကတဆင့် ချဉ်းကပ်ကြသလို တိုက်ရိုက်ချဉ်းကပ်နိုင်မဲ့ နည်းလမ်းတချို့ကိုလည်း အင်အားကြီးနိုင်ငံတွေက အသုံးပြုလာကြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013