
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ နိုင်ငံတဝန်းရှိ မဟာဗျူဟာကျတဲ့ လမ်းမကြီးတွေ၊ နယ်စပ်မြို့တွေကို တဖြည်းဖြည်း စိုးမိုးထိန်းချုပ်လာနိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်တဲ့ စစ်ရေးအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာအရ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတွေကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသတွေမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ လမ်းကြောင်းတချို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတွေမှာလည်း တော်လှန်ရေး စိုးမိုးနယ်မြေတွေ ပေါ်ထွန်းလာပြီး အဲဒီဒေသတွေမှာ စစ်အုပ်ချုပ်ရေးယန္တရားတွေကို ဖျက်သိမ်းကာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေကို တဖြည်းဖြည်း ထူထောင်လာနေကြောင်း ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းတွေဟာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဦးတည်ပြီး ခြေလှမ်းမှန်မှန်နဲ့ ဆက်လက်ချီတက်နေကြတယ်လို့လည်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။










