DVB Logo
Home
မြန်မာသတင်း
AA နှင့် တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့် သေဆုံး
DVB
·
January 5, 2026
AA နှင့် တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့် သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းရှိ ပွိုင့် ၆၆၆ နဲ့ ကပစ ၁၆ ကြားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၂၅ ယောက်ခန့် သေဆုံးတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်၊ နေ့လယ် ၃ နာရီလောက်က ကပစ ၁၆ အနီး အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် တနာရီခန့် ကြာမြင့်ခဲ့ပါတယ်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “မနေ့ညက၊ စကမဘက်က တက်လာတဲ့ စစ်ကြောင်းကို အသင့်စောင့်ပြီး တိုက်တာပါ။ စကမဘက်က ၂၅ ယောက်ခန့် ကျတယ်၊ ဒုဗိုလ်မှူးကြီးအဆင့် ပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းက ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၅ ယောက်လောက် သေဆုံးပြီး တိုက်ပွဲဖြစ်တဲ့နေရာကို ကပစ ၁၆ ကနေ အတွဲလိုက်ပစ်ဒုံး အပါအဝင် ဒရုန်းနဲ့ပါ စစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်က ပွိုင့် ၆၆၆ ကုန်းကြားမှာ တိုက်ပွဲကနေ ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ AA ပူးပေါင်းတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်နေတယ်လို့ နောက်ထပ် သတင်းရင်းမြစ်ကလည်း ပြောပါတယ်။

“ဒီမနက်ကလည်း တိုက်ပွဲကတော့ ဖြစ်နေပါတယ်။ မနေ့ညက ထွက်ပြေးနေတဲ့ စကမ တွေကို တော်လှန်ရေးဘက်က ချေမှုန်းနေတာပါ။”

စစ်ကောင်စီရဲ့ ကပစ ၁၆ ဝင်ပေါက် ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့် ၆၆၆ ကုန်းကို AA လက်ထဲကနေ အင်အားအလုံးအရင်းနဲ့ ပြန်လည်သိမ်းပိုက်ထားပါတယ်။

အဆိုပါ ပြန်လည်သိမ်းပိုက်ထားတဲ့ အင်အား ၂၀၀ ခန့်ရှိနေတဲ့ စစ်ကောင်စီ ပွိုင့် ၆၆၆ စခန်းကို AA နဲ့ တော်လှန်ရေးတပ်တို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး စားနပ်ရိက္ခာ ဖြတ်တောက်ခံထားရကာ ပိတ်မိနေတဲ့အတွက် အခုလို ပွိုင့်ကုန်းကို စစ်ကူစစ်ကြောင်းတွေ ပြန်လည်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်းရှိ စစ်ကောင်စီနဲ့ AA ပူးပေါင်းတပ်တို့ဟာ လေလာတောင်၊ ဆင်လန်၊ ညောင်ခြေထောက်အနီးနဲ့ ပွိုင့် ၆၆၆ အနီးနားတို့မှာ အခုလအတွင်း နေ့စဉ် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013