
ဟေတီနိုင်ငံမြို့တော် ပေါ်တိုပရင့်စ်ကို စီးမိုးထားတဲ့ ကန်းစ်ကော့ဖ် တောင်ကုန်းဒေသမှာ ဂိုဏ်းစတားတွေ ညတွင်းချင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၇ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဟေတီအစိုးရက ဒီလုပ်ရပ်ကို “ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု” လို့ ပြစ်တင်ရှုတ်ချပြီး လုံခြုံရေး တိုးမြှင့်ပေးမယ်လို့ ကတိပြုခဲ့ပေမဲ့ ဒေသခံတွေကတော့ ရဲစခန်းနဲ့ မိနစ်ပိုင်းလောက်ပဲ ဝေးတဲ့နေရာမှာ လူတွေ အသတ်ခံနေရတာကို မကာကွယ်ပေးနိုင်ခဲ့လို့ ဆိုပြီး နယ်မြေခံ ရဲမှူးကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ဟေတီအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ဩဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
သေဆုံးသူတွေထဲက ၂၂ ယောက်ဟာ အကာအကွယ်ယူဖို့ သွားရောက်ခိုလှုံကြတဲ့ ဘုရားကျောင်းဝင်းအတွင်းမှာပဲ အသတ်ခံလိုက်ရတာလို့ ဒူဂျာရစ်က ဆိုပါတယ်။
ဒါဟာ “အစုလိုက်အပြုံလိုက် လူသတ်မှု” ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို သွားရောက်ဖို့ ခက်ခဲတာကြောင့် သေဆုံးဒဏ်ရာရသူ စာရင်းတွေ ကွဲလွဲနိုင်ပြီး စာရင်းအမှန်ရဖို့ ရက်ပေါင်းများစွာ အချိန်ယူရနိုင်တယ်လို့ ပြောပါတယ်။
မြို့တော်ထဲ ဝင်ရောက်ရာ လမ်းကြောင်းတွေကို စီးမိုးထားတဲ့ အချက်အချာကျတဲ့ ကန်းစ်ကော့ဖ် တောင်ကုန်းဒေသဟာ အရင်နှစ်တွေကတည်းက လက်နက်ကိုင်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကို ၁၂ ကြိမ်မက ကြုံခဲ့ရတာကြောင့် လူပေါင်းထောင်ချီ နေအိမ်တွေ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဟေတီရဲတပ်ဖွဲ့ကို ကူညီဖို့ ကြိုးစားနေပေမဲ့ အင်အားကြီးတဲ့ ဂိုဏ်းစတား မဟာမိတ်အဖွဲ့တွေဟာ မြို့တော်တခုလုံးကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားရုံမက အနီးအနား ဒေသတွေကိုပါ နယ်မြေချဲ့ထွင်လာနေပါတယ်။
ဒီလို အကြမ်းဖက်မှုတွေကြောင့် ၁၀ စုနှစ် တခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လာမဲ့ ဒီဇင်ဘာလမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဟေတီရဲ့ ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာစေပါတယ်။
လက်နက်ကိုင်ဂိုဏ်းတွေ နယ်မြေချဲ့လာတာကြောင့် အစဉ်အဆက် အစိုးရတွေဟာ ရွေးကောက်ပွဲကို ထပ်ခါထပ်ခါ ရွှေ့ဆိုင်းခဲ့ရတာပါ။
ရဲတပ်ဖွဲ့ကို ကူညီဖို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ဖွဲ့စည်းထားတဲ့ ဂိုဏ်းစတားနှိမ်နင်းရေး တပ်ဖွဲ့ ကတော့ လာမဲ့ ဆောင်းဦးရာသီမှာ အင်အား ၅,၅၀၀ အထိ တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ အဲဒီတပ်ဖွဲ့ အပြည့်အဝ တပ်စွဲနိုင်ရေးကို အရှိန်မြှင့် ဆောင်ရွက်ဖို့နဲ့ ဟေတီအရေးကို နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်လက်ထားရှိဖို့ အလေးပေး တိုက်တွန်းထားပါတယ်။
Source: Reuters











