
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဂလန်းဒေးလ်ဧရိယာအနီးရှိ ဒန်ဗာမြို့ရဲ့ အရှေ့တောင်ပိုင်းရှိ ဆောက်လုပ်ဆဲ တိုက်ခန်းတခုမှာ ဇန်နဝါရီ ၂ ရက် ညက မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားနေပြီး ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒန်ဗာမီးသတ်ဌာနက ပြောပါတယ်။
ရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ဂလန်းဒေးလ် ရဲဌာနက ပြောပါတယ်။ အာဏာပိုင်တွေဟာ ဂလန်းဒေးလ်အနီးရှိ ပွဲအခမ်းအနားတွေ ကျင်းပရာနေရာမှာ ယာယီခိုလှုံရေးစခန်းတခု ဖွင့်လှစ်ထားကြောင်း ရဲတွေက ပြောပါတယ်။
အနီးနားရှိ လမ်းတွေမှ မော်တော်ယာဉ်တွေကို အရှိန်လျှော့ဖို့နဲ့ အခင်းဖြစ်ပွားရာနေရာမှ ရှောင်ရှားနိုင်အောင် နောက်ပြန်လှည့်မောင်းခိုင်းကြပါတယ်။
မီးသတ်သမားတွေက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေချိန်မှာ အရေးပေါ်အဖွဲ့တွေ ရောက်ရှိလာကြပါတယ်။
မီးမငြိမ်းသေးကြောင်း မီးသတ်ဌာနရဲ့ စစ်ဆင်ရေးဌာနမှူး ရောဘတ်မာဖီက ပြောကြားခဲ့ပြီး မီးသတ်သမား ၁၀၀ ကျော် မီးလောင်ရာနေရာမှာရှိနေတယ်လို့လည်း ဆိုပါတယ်။ မီးလောင်မှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
Source: Reuters










