
ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ ဘန့်ချန်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား ၂၄ ယောက် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘန့်ချန်မြို့နယ်၊ ဘန့်ချန်အုပ်စု၊ နယ်မြေ ၆ ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း သတင်းပေးပို့ချက်ရတာကြောင့် လယောင်းခရိုင် အလုပ်သမားရှာဖွေခန့်ထားရေးရုံး ညွှန်မှူး နိုင်းနာ့ဿ်ဖုန်း ရတ်ချတ် ဦးဆောင်ပြီး ခရိုင် လဝက၊ ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၁၁ ရက်က သွားရောက်စစ်ဆေးခဲ့ကြတယ်။
အဆိုပါနေရာမှာ မြေဧရိယာအကျယ်အဝန်း ရိုင် ၁၀၀ (ဧက ၅၀ ခန့်) မှာ တရုတ်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေတဲ့ အချက်အလက်စုဆောင်းရေးစင်တာ Data Center အဆောက်အအုံကြီးဖြစ်ပြီး အလုပ်သမားပေါင်း ၄၀၀ ကျော် နေထိုင်လုပ်ကိုင်ကြပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ အလုပ်သမားတချို့ဟာ အလန့်တကြားနဲ့ စက်ရုံအနီးနားရှိ ဆီအုန်းခြံနဲ့ တောအုပ်ထဲ ထွက်ပြေးကြတယ်၊ တချို့က ရေကန်ထဲ ခုန်ချပြီး ရေကူးထွက်ပြေးဖို့ ကြိုးစားပါတယ်။ တာဝန်ရှိသူတွေကလည်း အနောက်ကနေ ခဲရာခဲဆစ် လိုက်လံဖမ်းဆီးရာ မြန်မာနိုင်ငံသား အယောက် ၂၀၊ တရုတ်နိုင်ငံသား ၄ ယောက်၊ စုစုပေါင်း ၂၄ ယောက် ဖမ်းဆီးရမိပြီး အားလုံးမှာ အလုပ်သမားမှတ်ပုံတင်ကတ် မရှိဘူးလို့ ဆိုပါတယ်။
မြေကွက်ပိုင်ရှင် ထိုင်းအမျိုးသားကို မေးမြန်းရာမှာ သူဟာ အဲဒီမြေကွက်ကို တရုတ်ကုမ္ပဏီတွေကို ငှားရမ်းပေးတာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ မသက်ဆိုင်ကြောင်း၊ တရားမဝင် အလုပ်သမားတွေ ငှားရမ်းခန့်ထားတဲ့ကိစ္စလည်း မသိရှိကြောင်း ပြောပါတယ်။
တာဝန်ရှိသူတွေက တရားမဝင်အလုပ်သမား ငှားရမ်းတဲ့ အလုပ်ရှင်ကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဖမ်းဆီးရမိတဲ့ ၂၄ ယောက်ကိုတော့ ဘန့်ချန်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းကာ အလုပ်သမားဥပဒေအရ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: Voice TV











