DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ အမြန်ကြေး ကျပ် ၆ သိန်းခွဲမှ  ၁၀ သိန်းအထိ မှောင်ခိုဈေးပေါက်
DVB
·
January 2, 2026
ပတ်စ်ပို့ အမြန်ကြေး ကျပ် ၆ သိန်းခွဲမှ  ၁၀ သိန်းအထိ မှောင်ခိုဈေးပေါက်
Donate to DVB

စစ်ကောင်စီပြည်ထဲရေးလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ပတ်စ်ပို့ကို ၅ ရက်အတွင်း အမြန်ကြေးကျပ်  ၅ သိန်းခွဲ ဝန်းကျင်နဲ့ ပြုလုပ်ပေးမယ်လို့ တရားဝင် ကြေညာလိုက်ပေမဲ့ ပြင်ပမှာတော့ ပတ်စ်ပို့ မှောင်ခိုဈေးက ၃ ရက်အတွင်း အမြန်ကြေးနဲ့ဆိုရင် ကျပ် ၆ သိန်းခွဲကနေ ၁၀ သိန်းလောက်အထိ ပေးနေရပါတယ်။

ပြည်ပနိုင်ငံတွေဆီ အရေးပေါ်ကိစ္စနဲ့ သွားရောက်လိုသူတွေ ပတ်စ်ပို့ပြုလုပ်ဖို့ အွန်လိုင်းဘွတ်ကင်တင်တာ အပါအဝင် ရုံးကိစ္စတွေ စောင့်စရာမလိုဘဲ ၅ ရက် အမြန်ဝန်ဆောင်မှုနဲ့ လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ဇန်နဝါရီ ၁ ရက်မှာ ကြေညာပါတယ်။

နိုင်ငံကူးလက်မှတ် အမြန်ဝန်ဆောင်မှု (Express Service) လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာတင်ပြီး ၅ ရက်အတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်ခအနေနဲ့ စာအုပ်ဖိုး အပါအဝင် ၅၄၅,၀၀၀ ကျပ် ကျသင့်မယ်လို့ ကြေညာထားပါတယ်။

ဒီဝန်ဆောင်မှုက Green Channel နဲ့ ပတ်စ်ပို့ အမြန်လျှောက်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်ရမှာ ဖြစ်ပြီး မိမိသွားရောက်လိုတဲ့ နိုင်ငံကို အရေးပေါ် သွားရောက်လိုတဲ့ အကြောင်းအရာ စာတင်ကာ စစ်ကောင်စီရဲ့ နေပြည်တော်ရုံးချုပ်က ခွင့်ပြုချက်ရမှ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ ပြုလုပ်နိုင်မယ်လို့သိရပါတယ်။

ရန်ကုန် ပတ်စ်ပို့ရုံးက အကျိုးဆောင်တယောက်က “သူက Green Channel ပုံစံမျိုးပဲ။ စာအကုန်တင်ရတယ်။ စာအကုန်တင်ပြီးတော့ နေပြည်တော်ရုံးကို အရင်ရောက်ပြီးမှ နေပြည်တော်ရုံးက လုပ်ခွင့်ပြုတယ်ဆိုမှ ရတာ။ မဟုတ်ရင် မရဘူး။ ဒါတွေက နေပြည်တော်ရုံးကို စာတင်ပြီး အဲ့ဘက်က စိစစ်ခွင့်ပြုပြီး ကျမှ လုပ်လို့ရမှာ။ တကယ်လို့ အကြောင်းတစုံတရာရှိလို့ နေပြည်တော်ရုံးက ခွင့်မပြုရင် အဲဒီ ၅ သိန်း ၄ သောင်းခွဲက ပေးပြီး ဘာမှမထူးဘူး။ ဒီအတိုင်း ကုန်သွားတာ။ အခုက ပတ်စ်ပို့လုပ်ရင် မှတ်ပုံတင်မှာ ဝန်ထမ်းဖြစ်နေရင် လုပ်မရဘူး။ ပြန်ပြင်ရင် ၄ သိန်းလောက် ကျမယ်။ ပတ်စ်ပို့ ၃ ရက် အမြန်ကြေးက အပြီးအစီး ၆ သိန်းခွဲ၊ ဒါဆို ၁၀ သိန်းကျော် ကျမယ်။ ဒါပေမဲ့ ၅ သိန်း ၄ သောင်းခွဲ အမြန်ကြေးမှာက သူ စာရေးထားသလိုပဲ Blacklist သမားတွေ၊ အစိုးရဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်း မဟုတ်တဲ့ အဖွဲ့အစည်းတခုခုမှာ လုပ်နေသူတွေ လုပ်လို့မရဘူးလို့ စာထဲမှာ ပါထားပြီးသား” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ အမည်ပျက်စာရင်း Blacklist ပါဝင်သူတွေ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးသေးသူတွေ၊ ပြစ်ဒဏ်ကာလ မပြီးခင် လွတ်ငြိမ်းနဲ့ လွတ်လာသူတွေ၊ အစိုးရဝန်ထမ်းတွေ စတဲ့ ထောက်ခံချက် လိုသူတွေက ငွေကြေးမဆုံးရှုံးဖို့ စုံစမ်းပြီးမှသာ လျှောက်ထားဖို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက သတိပေးထားပါတယ်။

ပြင်ပမှာတော့ ပတ်စ်ပို့ကို အမြန်လုပ်ဆောင်ချင်တယ်ဆိုရင် မှောင်ခိုဈေးကွက်မှာ ၃ ရက်အတွင်း အမြန်ကြေးနဲ့ လုပ်ဆောင်ရင် ကျပ် ၆ သိန်းခွဲကနေ ၁၀ သိန်းလောက်အထိ ပေးရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

မနီလာ (အမည်လွှဲ) က “ပြင်ပမှာ လုပ်ရင်တော့ ပတ်စ်ပို့ဈေးနှုန်းက ကျပ် ၉ သိန်း၊ ၁၀ သိန်းလောက်ထိ ပေါက်တယ်။ ပြည်သူတွေအတွက် အဆင်ပြေနိုင်လားဆိုတော့ သူတို့က နေပြည်တော်ထိကို စာတင်ရမယ်။ ပြီးရင် ၅ ရက် ၁၀ ရက် တပတ်လောက် ကြာမယ်။ ကြာပြီး ပြန်ကျလာမယ်။ ပြန်ကျလာတဲ့အခါ ကိုယ်တွေက CDM တွေ၊ Blacklist တွေဆိုရင် အဲ့ ၅ သိန်းက တခါတည်း ဆုံးသွားပြီ။ ကိုယ်တွေကလည်း ပတ်စ်ပို့ မရတော့ဘူး။ အဲဒီအတွက် သူတို့ဟာက ကိုယ်တွေက Blacklist ပါ မပါ မသိတော့ အဆင်မပြေဘူး။ ပွဲစားတွေနဲ့ နိုင်ငံက မကောင်းတော့ လာဘ်စားမှုတွေ ဖြစ်ပြီးတော့ အဲလိုဖြစ်နေတော့ အဆင်မပြေဘူး။ ပွဲစားတွေဆိုတဲ့ နေရာမှာ သူတို့ ရုံးထဲကလူတွေ၊ ဝန်ထမ်းတွေ ပါတယ်။ ဒါက လာဘ်စားတာပဲပေါ့။ အဲဒါ နိုင်ငံအတွက်လည်း မကောင်းဘူး။ ပြည်သူတွေလည်း ပိုက်ဆံ သက်သက်ကုန်တယ်” လို့ ပြောပါတယ်။

ပတ်စ်ပို့စာအုပ်ကို ပုံမှန်အတိုင်း လျှောက်ထားပါက စာအုပ်ဖိုးအပါ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး ဒီဈေးနှုန်းက ၂၀၂၅ စက်တင်ဘာ ၁ ရက်မှာ ၄၀,၀၀၀ ကျပ်ကနေ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ပုံမှန်အတိုင်း လျှောက်ထားသူတွေက အွန်လိုင်းဘိုကင် ရက်ချိန်းရယူပြီး အနည်းဆုံး နှစ်ပတ်ကနေ တလနီးပါးအထိ ကြာတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပတ်စ်ပို့ အမြန်ရချင်သူတွေကို ပွဲစားတွေက ငွေကျပ် အနည်းဆုံး ၃ သိန်းကနေ၊ ၆ သိန်းခွဲ၊ ၁၀ သိန်းအထိ ဈေးနှုန်းအမျိုးမျိုးနဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013