
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာရွာက ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ဇန်နဝါရီ ၁ ရက် နေ့ခင်းပိုင်းမှာ ဝင်ရောက်ပြီး ဘုန်းတော်ကြီးနဲ့ ဦးပဥ္စင်းပါမကျန် ရွာသားတွေ အယောက် ၄၀ လောက်ကို ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ချောင်းဦးမြို့ကနေ မနက် ၁၀ နာရီမှာ စတင်ကာ အောင်ချမ်းသာရွာဘက် တပ်ဖြန့်ထိုးလာတာဖြစ်ပါတယ်။
အောင်ချမ်းသာရွာသားတယောက်က “ဘာသတင်းရတယ်တော့ မသိဘူး။ ပေါ်တော်မူ ဘုန်းကြီးကျောင်းအတွင်းတော့ အုတ်အုတ်ကျက်ကျက်ကို ဖြစ်သွားတာ။ ဘုန်းကြီးတွေနဲ့ ဦးပဥ္စင်းတွေလည်း ဖမ်းသွားတယ်။ ပြည်သူတချို့လည်း ဖမ်းသွားတယ်။ ဦးပဥ္စင်းနဲ့ ဘုန်းကြီးက ၁၅ ပါး ဖမ်းသွားတာ။ အရပ်သားတွေကတော့ ၄၀ နဲ့ ၅၀ ဝန်းကျင်လောက်ရှိမယ်” လို့ ပြောပါတယ်။
စစ်တပ်က အရပ်သားပြည်သူနဲ့ ဘုန်းတော်ကြီး အပါအဝင် ဦးပဥ္စင်းတွေပါ ဖမ်းဆီးတာအပြင် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက ဘုန်းကြီးကျောင်းပိုင် ကား ၃ စီးနဲ့ ငွေကြေး အများအပြားလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “ဘုန်းကြီးနဲ့ ဦးပဥ္စင်း တွေကို ဘုန်းကြီးကျောင်းဝင်းအတွင်းကတည်းက ရိုက်နှက်ပြီး ဆဲရေးတိုင်းထွာတာတွေ လုပ်တယ်လို့သိထားရတယ်။ နောက်ပြီး ‘အခုချက်ချင်း လူဝတ်လဲ၊ ဘာဘုန်းကြီးလဲ၊ (-)ဘုန်းကြီးလား၊ ဘုရားဗန်းပြပြီး ထမင်းလိမ်စားနေတဲ့ကောင်တွေ’ အဲလိုတွေ ပြောပြီးကို ရိုက်တာတဲ့ဗျ။ စစ်တပ်ဘက်ကကောင်တွေ အတော်ကို ဆိုးသွမ်းနေပြီ။ အဲဒီဘုန်းကြီးကျောင်းကို စစ်တပ်က ဘာလို့ ဝင်စီးတာလဲဆိုတော့ သူတို့ ဘုန်းကြီးတွေရဲ့ လောကကလည်း ဆိုးတယ်လို့ အရင်ပြောရမယ်။ စစ်တပ်ထောက်ခံတဲ့ မဘသဆိုတဲ့ ဘုန်းကြီးတွေက သူတို့ကို မထောက်ခံတဲ့ ဘုန်းကြီးတွေဆိုရင် ကျနော်တို့နဲ့ အဆက်သွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး စစ်တပ်ကို ဖမ်းခိုင်းတာတွေ မြေပြင်မှာ အတော်လေးကို တွေ့ရတယ်။ အဲဒီဘုန်းကြီးကျောင်းက ကျနော်တို့ တော်လှန်ရေးအင်အားစုနဲ့ ဆက်နွှယ်မှု မရှိပါဘူး။ သူတို့ ဘုန်းကြီးအချင်းချင်း နိုင်သူစားကြေး လုပ်တဲ့သဘောပါပဲ” လို့ ပြောပါတယ်။
စစ်တပ်ကတော့ ဖမ်းဆီးသွားတဲ့ သံဃာတော်တွေနဲ့ အရပ်သားတွေကို ချောင်းဦးမြို့ပေါ်ကို ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။










