DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာ အလုပ်သမား ၁,၆၀၀ ကျော် အလုပ်သစ်ရှာရန် ခက်ခဲနေ 
DVB
·
January 1, 2026
ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာ အလုပ်သမား ၁,၆၀၀ ကျော် အလုပ်သစ်ရှာရန် ခက်ခဲနေ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ အီလက်ထရောနစ်စက်ရုံတရုံမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၁,၆၀၀ ကျော်ကို စက်ရုံဘက်က ကြိုတင်အကြောင်းကြားတာရှိ မရှိဘဲ ဒီဇင်ဘာ ၂၉ ရက်မှာ ရုတ်တရက် အလုပ်ထုတ်လို့  အလုပ်သမားတွေ အလုပ်သစ်ရှာဖို့အခက်အခဲနဲ့ကြုံနေရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေပါအတိုင်း လုပ်သက်အလိုက် ထိုက်သင့်တဲ့ နစ်နာကြေးတွေ ရရှိခဲ့ကြပေမဲ့ အရေအတွက် ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ အလုပ်သစ်ရဖို့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

အေအေစီ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုရဲမင်းက “အလုပ်သမားတွေ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်သွားတယ်။ အလုပ်သမားတွေ နစ်နာသွားတယ်။ ပြီးတော့ ဒီအလုပ်ရုံက အလုပ်လိုရင် ခေါ်တယ်။ အလုပ်မလိုဘူးဆိုရင် အလုပ်သမားတွေကို ဒီလို လုပ်လေ့ ရှိတယ်။ နောက်ထပ် အလုပ်သစ်ရှာဖို့ ဆိုတာကလည်း မလွယ်ဘူးလေ။ အလုပ်ရဖို့က အခုလို ကာလမှာ မလွယ်ဘူး။ ပြီးတော့ အလုပ်သစ် နေရာပြောင်းရွှေ့တာတွေ၊ နောက်ထပ် အခန်း ထပ်ငှားရမှာတွေ၊ စပေါ်ထပ်တင်ရမှာတွေ အများကြီးပဲ ပြဿနာတွေက။ နောက်အလုပ်သစ် တခုမှာလည်း အလုပ်သမားတွေက အလုပ်ရဖို့ အလုပ်စမတ်ရမှာတွေ အဲဒါတွေ ရင်ဆိုင်ရမှာပေါ့။ အခက်အခဲတွေ အများကြီး ရှိတာပေါ့ အလုပ်သမားတွေအတွက်က။ ဟိုးတုန်းက အလုပ်သမား ၁၄၀၀ ကျော် အလုပ်ဖြုတ်တာလည်း ဒီအလုပ်ရုံပဲ။ အလုပ်သမား ၁,၆၀၀ ကျော် ဖြုတ်တာလည်း ဒီရုံပဲ။ အလုပ်ရုံ အသစ်တွေ ရှာတဲ့အခါမှာလည်း ဒီအလုပ်ရုံသစ်ကို မရှာကြဖို့ တိုက်တွန်းချင်တာ” လို့ ပြောပါတယ်။

အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေးနဲ့ ထောက်ပံ့စရိတ် အနေနဲ့ လုပ်သက် တနှစ်အောက် အလုပ်သမားတွေကို လုပ်ခ တလစာအပါအဝင် ဘတ် ၂၇,၀၀၀ ကျော်၊ လုပ်သက် တနှစ်အထက်နဲ့ ၃ နှစ်အောက် အလုပ်သမားတွေကို လုပ်ခ တလစာ အပါအဝင် တယောက်ကို ဘတ် ၅၄,၀၀၀ ဝန်းကျင် ပေးတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ အခုလို နှစ်သစ်ကူးကာလမှာ အလုပ်အသစ် ရှာဖို့နဲ့ မိသားစုလိုက်နေတဲ့ အလုပ်သမားတွေက နေရာပြောင်းရွှေ့ဖို့ အပါအဝင် ထိုင်းနိုင်ငံရဲ့ ကြီးမားတဲ့ ကုန်ဈေးနှုန်းနဲ့ နေထိုင်စရိတ်တွေကြောင့် စိတ်ဖိစီးရတယ်လို့ ဆိုပါတယ်။

မြန်မာ အလုပ်သမားတယောက်ဖြစ်တဲ့ ကိုထက်က “အလုပ်တခု ရှာဖို့က ထိုင်းမှာက တော်တော်လေးကို ခက်တယ်။ ဘာလို့လဲဆိုတော့ အဓိက လိုအပ်ချက်က ပွဲစားတွေက များနေတာပေါ့။ စမတ်ကြေး (အလုပ်သွင်းပေးခ) ကိုပဲ အဓိကတောင်းနေတာ။ အဲဒါတွေက အလုပ်ရှာတဲ့သူတွေအတွက် ပိုပြီး ဝန်ပိတာပေါ့။ ကိုယ့်နိုင်ငံ အခြေအနေမကောင်းလို့ အကုန်လုံးက ဒီမှာလာပြီးတော့  အားလုံးက အရဲစွန့်ပြီး အလုပ်လုပ်နေရတာပေါ့။ အခုလိုမျိုး နှစ်သစ်ကူးပိတ်ရက် မတိုင်ခင်မှာ ဖြစ်သွားတာဆိုတော့ အလုပ်သမားတွေအနေနဲ့ အများကြီး နစ်နာတာပေါ့။ ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ နှစ်သစ်မှာ အလုပ်သစ် ပြန်ရှာဖို့ ကျတော့လည်း အခုက တဦးနှစ်ဦးတည်း ဖြစ်တာ မဟုတ်ဘူး။ လူဦးရေ ထောင်ကျော်ပြီး ဖြစ်သွားတာဆိုတော့ တော်တော်လည်း စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့် မြန်မာနိုင်ငံသားတွေမို့ ဖြစ်ရတာဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်”လို့ ပြောပါတယ်။

ထိုင်းမှာ အီလက်ထရောနစ် စက်ရုံတချို့ဟာ အော်ဒါ အများအပြား ရရှိချိန် အလုပ်သမားတွေကို အလုပ်ခေါ်လေ့ ရှိပြီး၊ အမှာ‌ အော်ဒါတွေ နည်းသွားချိန် အခုလို ရုတ်တရက် အလုပ်ရပ်ဆိုင်းတာတွေ လုပ်လေ့ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဖစ်ဘူရီခရိုင်က အီလက်ထရောနစ် စက်ရုံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မြန်မာ အလုပ်သမား ၁၄၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့ပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ အခုလို မကြာခဏ အလုပ်သမား ထောင်နဲ့ချီ အလုပ်ဖြုတ်တဲ့ စက်ရုံတွေမှာ မလုပ်ကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013