Home မြန်မာသတင်း လားရှိုးမြို့ မဟာဗောဓာရုံကျောင်းတိုက်ဆရာတော်အား သတ်ခဲ့သူကို ဖမ်းမိ
လားရှိုးမြို့ မဟာဗောဓာရုံကျောင်းတိုက်ဆရာတော်အား သတ်ခဲ့သူကို ဖမ်းမိ
Photo: Nyi Sitt Aung
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၄ ရပ်ကွက် မဟာဗောဓာရုံကျောင်းတိုက် ဆရာတော် ဦးကေသရအား ဓားနဲ့ခုတ်သတ်ခဲ့တဲ့ ဆရာတော် ဦးကာရုညကို ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီခွဲမှာ အာဏာရှင်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ဆရာတော်ဦးကေသရ ပျံလွန်တော်မူပြီး ၆ လအကြာ ဇူလိုင် ၂၇ ရက်မှာ ပြစ်မှုကျူးလွန်သူ ဆရာတော်ဦးကာရုညကို အာဏာရှင်စစ်တပ်က မဟာဗောဓာရုံကျောင်းတိုက်မှာပင် ဖမ်းဆီးရမိခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။ “ဆရာတော်ဦးကေသရ အသတ်ခံရတုန်းက လူတွေက ထင်ကြေးအမျိုးမျိုးနဲ့ ပြောဆိုနေကြပေမဲ့ တကယ်တမ်း ဖမ်းမိတော့ သတ်တဲ့သူက မဟာဗောဓာရုံကျောင်းတိုက်က ဘုန်းကြီးဖြစ်နေတယ်။ မနေ့ကဘဲ ရဲတွေ လာဖမ်းသွားတယ်။ ဆရာတော်ကို သတ်တယ်ဆိုပြီး စွပ်စွဲပြီးဖမ်းထားတဲ့ ၇ တန်းကျောင်းသားလေး ၂ ယောက်လည်း အခုချိန်ထိ ဘာသတင်းမကြားရဘူး။” ပြစ်မှုကျူးလွန်သူ ဆရာတော်ဦးကာရုညဟာ အခင်းဖြစ်ပွားတဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မနက် ၆ နာရီခွဲက ဗောဓာရုံကျောင်းတိုက်ဆရာတော် ဦးကေသရ နဲ့ စကားများပြီး ဓားနဲ့ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြစ်မှုကျူးလွန်သူ ဦးကာရုည (ခ) ဦးဌေးအောင်ကို လားရှိုးမြို့မရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဓားခုတ်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ဦးကေသရမှာ ဓမ္မာစရိယ စာတတ် စာချ ဆရာတော်တပါးဖြစ်ပြီး မိုးကုတ်ဝိပဿနာတရားစဉ်နဲ့ လုပ်ငန်းစဉ် ပြန့်ပွားရေးအတွက် လုပ်ဆောင်နေတဲ့ ဆရာတော်တပါးလည်းဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက် ည ၈ နာရီကလည်း အရှေမြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ ကုန်စုံဆိုင်က ညီအစ်မနှစ်ယောက်ကို အမည်မသိသူတွေက သတ်ပြီး ရွှေတွေလုယူသွားပေမဲ့ အခုချိန်ထိ ဖမ်းမမိသေးပါဘူး။ ၁၀၂၇ စစ်ဆင်ရေးမှာ အရှေမြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ၂၀၂၅ ခုနှစ် ဧပြီလမှာ အာဏာရှင်စစ်တပ်ကို ပြန်ပေးခဲ့ရပါတယ်။ လားရှိုးမြို့ကို အာဏာရှင်စစ်တပ် ပြန်လည်ထိန်းချုပ်ပြီးနောက် မူးယစ်ဆေး၊ အွန်လိုင်းလောင်းကစားတွေကြောင့် တနှစ်ကျော်ကာလအတွင်း စားပြတိုက်မှုနဲ့လုယက်မှု ၂၇ ကြိမ် ဖြစ်ခဲ့ပါတယ်။