DVB Logo
Home
မြန်မာသတင်း
စစ်တပ်ရွေးကောက်ပွဲက ထွက်ပေါ်လာမည့်လွှတ်တော်များ တရားမဝင်ဟု BLC ကြေညာ
DVB
·
January 1, 2026
စစ်တပ်ရွေးကောက်ပွဲက ထွက်ပေါ်လာမည့်လွှတ်တော်များ တရားမဝင်ဟု BLC ကြေညာ
Donate to DVB

စစ်အုပ်စုက တဖက်သတ် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဘယ်ဥပဒေနဲ့မှ တရားဝင်မှုမရှိတာကြောင့် အဆိုပါရွေးကောက်ပွဲတွေကြောင့် ပေါ်ပေါက်လာမယ့် တိုင်း ဒေသကြီး/ပြည်နယ်လွှတ်တော်တွေ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ ပြည် ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရတို့ဟာလည်း တရားဝင်မှုမရှိဘူးလို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ ဘယ်ဥပဒေကိုမှ လေးစားလိုက်နာခြင်းမရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအဝင် ဥပဒေမှန်သမျှကို ချိုးဖောက်ပြီးတော့ နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူခဲ့တဲ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားဝင်အစိုးရ ခေါင်းဆောင်တွေကို ဥပဒေမဲ့ ဖမ်းဆီးထားသလို ပြစ်မှုဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ သေဒဏ်အထိ ထိုက်သင့်တဲ့ နိုင်ငံ‌တော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့မှာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပိုင်ခွင့် အခွင့်အာဏာမရှိဘဲ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ခဲ့တာကြောင့် အဆိုပါ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်မှုမရှိ တရားဝင်ဆဲဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

အာဏာသိမ်းမှုဟာလည်း ဥပဒေမဲ့ဖြစ်တာကြောင့် သူတည်ထောင်တဲ့ နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်တွေဟာလည်း  တရားဝင်မှုမရှိတဲ့အပြင် စစ်ခေါင်းဆောင်ကိုယ်တိုင် တရားဝင်မှုမရှိတာကြောင့် သူ့အမိန့်နဲ့ တည်ထောင်ခန့်အပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာလည်း တရားဝင်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ တရားဝင်မှုမရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာလည်း ပျက်ပြယ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဥပဒေမဲ့အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် တိုင်းပြည်ဘဏ္ဍာငွေကို ဥပဒေမဲ့ သုံးစွဲတာ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲတာတွေက ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲပထမပိုင်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ သုံးပုံ တပုံ လောက်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာသတင်းတွေမှာတော့ မြန်မာ့ရွေးကောက်ပွဲကို ပြည်သူတွေဟာ မျှော်လင့်ချက်ကြောင့် မဟုတ်ဘဲ ကြောက်စိတ်ကြောင့် မဲပေးကြရတာဖြစ်သလို မဲလာပေးသူ အရေအတွက်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ နည်းပါးခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို  ဇန်နဝါရီ ၂၅ ရက်နေ့ ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် ၉ နိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စောင့်ကြည့်လေ့လာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013