DVB Logo
Home
Lead Story
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ရှော့ခ်ကြီး ၃ ခု
DVB
·
January 1, 2026
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ရှော့ခ်ကြီး ၃ ခု
Donate to DVB

ပိုလို့ခက်ခဲတဲ့ ပိုလို့အေးစက်လာတဲ့ ကမ္ဘာ့အစီအစဉ်သစ်ဟာ ဥရောပတိုက်ရဲ့ ရည်မှန်းချက်တွေကို ၂၀၂၅ ခုနှစ်ထဲမှာ မြေမြှုပ်ထားတဲ့အုတ်ဂူပေါ် စိုက်ထူလိုက်သလို ဖြစ်စေပါတယ်။ ဒီနှစ်မှာ အခိုင်အမာပေးတဲ့ သင်ခန်းစာကတော့ ရပ်တည်ရေးအတွက် သူသေ-ကိုယ်ရှင် ပြိုင်ဆိုင်နေရတဲ့ ခေတ်မှာ မဟာဗျူဟာအရ မှီခိုနေရမှုဟာ အရေးမပါတာ ဖြစ်ရတော့မဲ့ဘဝအတွက် အစပျိုးလို့ ဆိုနိုင်ပါတယ်။

ဒီနှစ်က ၂၀ ရာစုက ကြွင်းကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အခင်းအကျင်း ဒေါက်တိုင်တွေကို ပြိုလဲစေတဲ့ နှစ်ပါပဲ။ ကမ္ဘာလုံးဆိုင်ရာစနစ်ရဲ့ အတွင်းသားမှာ အနှစ်ဗလာဖြစ်နေတာ ဖော်ထုတ်ပြသခဲ့တဲ့ နှစ်ပါပဲ။ ရိုက်နှက်ချက် ၃ ခု ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ပထမရိုက်နှက်ချက်ကတော့ ယူကရိန်းစစ်ပွဲမှာ ရုရှားက အောင်ပွဲခံတော့မဲ့ အခြေအနေပါ။ ဒီအချက်က ဥရောပခေါင်းဆောင်မှုကိုလည်း တပါတည်း ထိုးနှက်ချက် ဖြစ်ပါတယ်။ ၄ နှစ်နီးပါးလောက် ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့က အန္တရာယ်ကြီးမားလွန်းတဲ့ ကစားပွဲနှစ်ခုကို ဆင်နွှဲခဲ့ရပါတယ်။ တဖက်မှာတော့ သူတို့က အပြောအရ ယူကရိန်းအောင်ပွဲခံဖို့ ကတိကဝတ် ပြုထားကြပါတယ်။ ပြန်ပြီးနောက်ပြန်ဆုတ်ဖို့ ဆန္ဒမရှိဘူး ဆိုတာကိုလည်း ဖော်ပြကြပါတယ်။ ကျန်တဖက်မှာတော့ သူတို့က ဘယ်တော့မှ မပြီးနိုင်တဲ့ စစ်ပွဲကြီးအပေါ်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြပါတယ်။ နိုင်ငံရေးအရ စီးပွားရေးအရ ပြည်တွင်းမှာ အသစ်သော သဘောတူ ကျေလည်မှု ရနိုင်ဖို့အရေး ကြိုးပမ်းကြတာပါ။ ဥရောပအနေနဲ့ စက်မှုဖွံ့ဖြိုးမှု ဆုတ်ယုတ်နေမှုကနေ စစ်ရေးအရ ယန္တရားတွေ အစိုးရစရိတ်နဲ့ အားထည့် တည်ဆောက်ဖို့ ကြိုးပမ်းမှု (military Keynesianism) ကို သူတို့ရဲ့ နောက်ဆုံးထွက်သက်လို ကြိုးပမ်းနေချင်ကြပါတယ်။

နိုင်ငံရေးအရ အကန့်အသတ်တွေအပေါ်မှာ အကျေအလည် ဆွေးနွေးညှိနှိုင်းနေရတဲ့ ဥရောပ ကမ္ဘာ့တိုက်ဒေသကြီးမှာ ဖြစ်နေတာက မြစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုတွေ၊ လူမှုရေး မူဝါဒတွေအတွက် ငွေသုံးဖို့ တားမြစ်ဟန့်တားထားသလို ဖြစ်နေပါတယ်။ ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲကြောင့် အစိုးရက ကြွေးမြီတွေခံပြီး ကာကွယ်ရေးဆိုင်ရာ စက်မှုကဏ္ဍကို ငွေတွေပုံအောထည့်ဖို့ အကြောင်းပြချက်ကောင်း ဖြစ်နေပါတယ်။ လူတွေမပြောကြတဲ့ အမှန်တရားက ဒီစစ်ပွဲက မပြီးမစီးနိုင် ထာဝရဖြစ်နေမဲ့ စစ်ပွဲကြီး တိုက်ရမလို ဖြစ်နေပြီး ဥရောပရဲ့ ထိုင်းမှိုင်းနှေးကွေးနေတဲ့ စီးပွားရေးကို ပြန်နာလန်ထူနိုင်ဖို့ လုံးဝကောင်းမွန်တဲ့ အင်ဂျင်ကြီး ဖြစ်နေပါတယ်။ အစိုးရတွေက ငွေတွေပုံအောသုံးကြဖို့အတွက် အရေးကြီးလုပ်ငန်းတခု ဖြစ်နေပါတယ်။

ဒီ ရှေ့နောက်မညီ ဝိရောဓိတွေက သေလောက်ပါတယ်။ အကယ်၍ ယူကရိန်းစစ်ပွဲက ငြိမ်းချမ်းရေး သဘောတူညီချက်တခုနဲ့ ပြီးသွားခဲ့ရင် စီးပွားရေးအတွက် ဆက်ပြီး ပုံအော ငွေလောင်းထည့်နေဖို့ ခက်ခဲသွားမှာပါ။ အောင်ပွဲရဖို့ဆိုတာက ငွေပုံအောသုံးနေတဲ့ကိစ္စကို ကျိုးကြောင်းဆင်ခြေပေးလို့ ကောင်းမှာပါ။ ဒါပေမဲ့ ငွေရေးကြေးရေးအတွက် ကုန်ကျများ ဈေးကြီးလွန်းနေပြီး ပထဝီ-မဟာဗျူဟာရေး အရလည်း စွန့်စားမှု များလွန်းပါတယ်။ ဒီအတွက်ကြောင့် ဥရောပအနေနဲ့ အဆိုးဆုံးမဟာဗျူဟာအပေါ် ထိုင်နေသလိုတော့ ဖြစ်နေပါတယ်။ ယူကရိန်းဆီကို လုံလောက်တဲ့ ကိရိယာတွေ ပို့ပေးနေရုံလောက်နဲ့ သွေးထွက်သံယိုမှုကို ရေရှည်ဆွဲသလို ဖြစ်နေပြီး ဒီလမ်းကြောင်းပေါ်ကလည်း အပြောင်းအလဲ မမြင်ပါ။

အခုတော့ ရုရှားက နိုင်တော့မှာပါ။ (ဒီလိုမြင်သာတဲ့ ကြိုပြောနိုင်တဲ့ရလဒ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရှေ့ကိုတွန်းတင်ပေးလိုက်ရုံပါပဲ)။ ဥရောပသမဂ္ဂအတွက် အကောင်းဆုံးချထားတဲ့ အစီအစဉ်ကတော့ ပျက်စီးဖို့ များနေပါပြီ။ ဥရောပအတွက် ငြိမ်းချမ်းရေး ဒုတိယအစီအစဉ် (Plan B) ဆိုတာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထိုင်ချထားတဲ့ မဟာဗျူဟာ အစီအစဉ်က စစ်ပွဲကို ဆက်တိုက်နေဖို့ အပေါ်မှာ မှီတည်ထားပါတယ်။ ဘယ်လိုပဲ ညစ်ပတ်ကောက်ကျစ်တဲ့

ငြိမ်းချမ်းရေးက ကရင်မလင်အစိုးရနဲ့ ထရမ့်ပ်ရဲ့လူတွေကြားမှာ သဘောတူလာခဲ့တယ် ဆိုရင်၊ နောက်ဆုံး ယူကရိန်းကို နယ်စပ်မျဉ်း ပြန်ပြင်ရေးဆွဲဖို့ ဖိအားပေးတာပဲ ဖြစ်လာမှာပါ။ ရုရှားက ဥရောပတိုက်အတွက် ခြိမ်းခြောက်မှုတခု ဖြစ်နေသည် ဖြစ်စေ- မဖြစ်သည် ဖြစ်စေ၊ ဥရောပရဲ့ အခုမှတည်ဆောက်မယ် ကြံခါစ ကာကွယ်ရေးစက်မှုကဏ္ဍက ပျက်ရတော့မှာပါ။ အဲဒီနောက်တော့ ခါးစည်းကြိုး တင်းကျပ်တဲ့ ဘဏ္ဍာရေးမူဝါဒတွေ လိုက်လာရတော့မှာပါ။

ဒုတိယ ရိုက်ခတ်သွေးလန့်မှု (ရှော့ခ်) က တရုတ်က ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်အပေါ် အနိုင်ရလိုက်တာပါပဲ။ သမ္မတ ဒေါ်နယ်ထရမ့်ပ် ပထမအုပ်ချုပ်ရေးကာလတုန်းက စတင်ခဲ့တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာက သမ္မတဂျိုးဘိုင်ဒင်လက်ထက်မှာ ပိုပြင်းထန်လာခဲ့ပါတယ်။ ပိုတင်းကျပ်ပြီး ဂဏန်းလက်မလို ချုပ်လာခဲ့ပါတယ်။ သွင်းကုန်ခွန် အကန့်အသတ်တွေက တရုတ်နိုင်ငံအနေနဲ့ ဈေးကွက်နဲ့ ထိတွေ့မရနိုင်လောက်အောင် ဖြစ်စေပါတယ်။ အဆင့်မြင့် ဆီမီးကွန်ဒတ်တာ (ချစ်ပ်) တွေနဲ့ ပစ္စည်းထုတ် ကိရိယာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ တရုတ်ရဲ့ နည်းပညာ တိုးတက်မှုကို ရိုက်ချိုးချင်တာပါ။ ၂၀၂၅ ခုနှစ်မှာတော့ ဒီမဟာဗျူဟာက ဝါတာလူးစစ်ပွဲလို ကြုံခဲ့ရပါပြီ။ [၁၈၁၅ ခုနှစ်မှာ စစ်ဘုရင် နပိုလီယန်က ၇ ပြည်ထောင် တပ်ပေါင်းစုနဲ့ နောက်ဆုံးရှုံးနိမ့်တာကို ကြုံခဲ့ရပါတယ်။] ဥရောပကတော့ အဓိကအနေနဲ့ ဘေးထွက်ဆိုးကျိုး ရိုက်ခတ်ခံရပါတယ်။

တရုတ်က ကျွမ်းကျင်ပိုင်နိုင်စွာ တုံ့ပြန်မှု ၂ ပိုင်းနဲ့ စီမံခဲ့ပါတယ်။ ပထမတခုက ၎င်းက မြေရှားသတ္တုနဲ့ တခြားအရေးကြီးသတ္တုတွေကို လက်နက်သဖွယ်ချုပ်ကိုင် အသုံးပြုခဲ့တာပါ။ ထောက်ပို့ကွင်းဆက်တခုလုံးကို အကြောသေ၊ သွက်ချာပါဒ ဖြစ်စေခဲ့ပါတယ်။ အမေရိကန်အတွက် သိပ်မထောင်းတာပေမဲ့ ဥရောပ၊ အရှေ့အာရှ စတဲ့ မြစိမ်းရောင် ထုတ်လုပ်ရေးနိုင်ငံတွေ ခံရပါတယ်။ ဒုတိယအချက်နဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းပညာခေါင်းဆောင် အမေရိကန်အဖို့ အထိအနာဆုံးဖြစ်တဲ့ အချက်ကတော့ တရုတ်က “တနိုင်ငံလုံးဆောင်ရွက်တဲ့စနစ်” (whole-nation system) ကို တခုတည်းသော ဦးတည်ချက်အတွက် လှုံ့ဆော်ဖွဲ့စည်း အသုံးချခဲ့ပါတယ်။ အဲဒါက နည်းပညာပိုင်းထိန်းချုပ်မှု (technological autarky) ဖြစ်ပါတယ်။ ရလဒ်ကတော့ ပြည်တွင်း ချစ်ပ်ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့ပါတယ်။ SMIC နဲ့ Huawei ကုမ္ပဏီတို့က အနောက်တိုင်းနိုင်ငံတွေ ဦးဆောင်တဲ့ တားမြစ်ထိန်းချုပ်မှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။ သူတို့ထိန်းချုပ်မှုကြောင့် ခေတ်နောက်ကျသွားစေရုံမျှမက ဒီမူဝါဒရဲ့ တန်ပြန်ဆိုးကျိုးကို ခံစားကြရပါတယ်။

ဒီအချက်က ရေရှည်ကြာမြင့်တဲ့ ရိုက်ခတ်မှုအကျိုးဆက် သွေးလန့်မှု (ရှော့ခ်) ကို ဖြစ်စေပါတယ်။ ၂၀၂၅ ခုနှစ်မှာ အမေရိကန်အနေနဲ့ တရုတ်ရဲ့ မြင့်တက်ကြီးထွားလာမှုကို ဟန့်တားဖို့ မဖြစ်နိုင်ဘူးဆိုတာ သက်သေပြခဲ့ပါပြီ။ အဲဒီအစား မျှော်လင့်ရည်ရွယ်မထားဘဲ တရုတ်ရဲ့ နည်းပညာကဏ္ဍကို ကြီးထွားစေပါတယ်။ အပြည့်အဝ လွတ်လပ်စေခဲ့ပါတယ်။ ဥရောပအနေနဲ့ အိမ်ဖြူတော်က အမိန့်ပေးတဲ့အတိုင်း တရုတ်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဖို့ဆိုတာ ခက်သွားပါပြီ။ ကမ္ဘာထဲအဆိုးဆုံးအခြေအနေ ဖြစ်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ တန်ဖိုးမြင့်ပစ္စည်းတွေအတွက် တရုတ်ဈေးကွက်ကြီးကို လက်လွှတ်ဆုံးရှုံးသွားရပါတယ်။ အဲဒါအပြင် လုပ်ငန်းတွေက အစိုးရရဲ့ ပံ့ပိုးထောက်ပံ့ငွေ ဖောဖောသီသီ မရရှိဘဲ အခုအခါ အမေရိကန်က ငွေကြေးဖောင်းပွမှု လျှော့ချရေးအတွက် ဆောင်ရွက်တာတွေ ပြည်တွင်းကို သက်ရောက်လာပါတယ်။ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် လက်ခွဲကန်ထရိုက်တာ (strategic subcontractor) အနေနဲ့လုပ်ဆောင်ပေးဖို့ ရွေးချယ်ခဲ့တာကြောင့် ဥရောပသမဂ္ဂ အနေနဲ့ လျှင်လျှင်မြန်မြန်ပဲ ကိုယ်ပိုင် စက်မှုလုပ်ငန်းကဏ္ဍကို ဖြိုခွဲလိုက်သလို (deindustrialization) ဖြစ်စေခဲ့ပါတယ်။ ဒီအချက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲမှာ ဆုံးရှုံးနစ်နာစေရုံမက ပထဝီနိုင်ငံရေးအရလည်း စစ်တုရင် ချက်ကွက်မိသွားသလို ဖြစ်စေခဲ့ပါတယ်။ ဥရောပက ရှုံးတဲ့ဆိုက်ဘက်က နယ်ရုပ်ပမာ ဖြစ်နေပါပြီ။

တတိယရိုက်ခတ်မှုသွေးလန့်မှု (ရှော့ခ်) ကတော့ ထရမ့်ပ်က ဥရောပကို သွင်းကုန်ခွန်စစ်ပွဲ (tariff war) နဲ့ လွယ်လွယ်ကူကူ နိုင်လိုက်တာပါပဲ။ စကော့တလန်မှာရှိတဲ့ ထရမ့်ပ်ရဲ့ ဂေါက်သီးကလပ်မှာ သူတို့ တွေ့ဆုံပွဲတခုမှာ သူ့ရဲ့လူက အရှက်ရဖွယ် အရှုံးကို ပိုထင်ရှားစေဖို့ ကောင်းကောင်းကြီး choreographed ခဲ့ပါတယ်။ ဥရောပကော်မရှင်ရဲ့ ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယင်က လက်နက်ချတဲ့ သရုပ်သကန်ကိုပြသဖို့ “ထူးခြားမှတ်တိုင် သဘောတူညီချက်” (landmark agreement) ကို ပြသခဲ့ပါတယ်။ ဥရောပပို့ကုန်တွေအပေါ် အမေရိကန်သွင်းကုန်ခွန်က ၁ ဒသမ ၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကို ခုန်တက်သွားပါတယ်။ အချို့ကိစ္စတွေမှာဆိုရင် ၂၅ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်းနှုန်းအထိ ရှိပါတယ်။ ကာလကြာရှည် ရှိနေခဲ့တဲ့ အမေရိကန်သွင်းကုန်တွေအပေါ် ဥရောပရဲ့ သွင်းကုန်ခွန်ကို ပယ်ဖျက်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ဖော်ပြပေမဲ့ အရေးမကြီးလို့ မဟုတ်ပါ ဆိုတဲ့အချက်က အမေရိကန်မြေပေါ်မှာ ဥရောပကော်မရှင်က ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံဖိုး လုပ်ပါမယ်လို့ ကတိကဝတ် ပြုခဲ့ရပါတယ်။ ဒီငွေတွေက ဂျာမန် ရင်းနှီးမြှုပ်နှံမှုတွေက ခွဲဝေအသုံးပြုရမှာဖြစ်ပြီး တက္ကဆက်စ်ပြည်နယ်မှာ ဓာတုဗေဒ ပစ္စည်းစက်ရုံနဲ့ အိုဟိုင်းယိုးပြည်နယ် ကားစက်ရုံတွေမှာ ထည့်ဝင်ရမှာပါ။

ဒီသဘောတူညီချက်က ဆိုးရွားတာထက်ကို ပိုလွန်ပါတယ်။ မျှော်လင့်မထားတဲ့ ငွေကြေးညှစ်ထုတ် ပေးခိုင်းတဲ့ သဘောတူညီချက်ပါ။ ဥရောပအနေနဲ့ စက်မှုကဏ္ဍပြိုင်ဘက်တဦးကနေ ပစ္စည်းထောက်ပံ့ သွင်းပေးသူတဦးဘဝကို တရားဝင် ကျဆင်းစေပါတယ်။ ဥရောပက ငွေကြေးအရင်းအနှီး ရင်းမြစ်တခု ဖြစ်လာပါတယ်။ အမေရိကန်ထုတ်ကုန်တွေအပေါ် စည်းမျဉ်းကန့်သတ်ထားတဲ့ ဈေးကွက်ကိုတွေ့ရမှာဖြစ်ပြီး နည်းပညာအရ မှီခိုနေရတဲ့ ညီငယ် မိတ်ဖက်သဘောမျိုး နိမ့်သွားစေပါတယ်။ ဒီ ဒဏ်ရာအပေါ် ထိုးနှက်မှုနောက်တခု အနေနဲ့ အခုလက်တွေ့ အခြေအနေကို ဥပဒေပြဋ္ဌာန်း သဘောတူညီမှု၊ ကတိကဝတ်ပြုမှု လုပ်ရတာပါပဲ။ ဥရောပသမဂ္ဂနိုင်ငံ ၂၇ ခုလုံးက သဘောတူရပါတယ်။ အုပ်စု (ဘလော့ခ်) ကြီးတခုလုံးရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ခွာချခံရတာပါ။ ထရမ့်ပ်က သူ့ရဲ့မြော်မြင်ချက်ဖြစ်တဲ့ ၂ ခုတည်းရှိတဲ့ ကမ္ဘာ (G2) ဖြစ်ဖို့ ဆောင်ရွက်ရာမှာ သူလိုအပ်နေတဲ့ အရင်းအနှီး တစိတ်တပိုင်းအတွက် ဥရောပအနောက်အုပ်စု ငွေကြေးဖြည့်ဆည်းပေးဖို့ တာဝန်ရှိသွားတာပါ။ G2 (နှစ်ခုတည်းသောကမ္ဘာ) ဆိုတာက ဝါရှင်တန်- ဘေဂျင်း ဝင်ရိုးစွန်း ဖြစ်ပါတယ်။

အခုလို ရှော့ခ် (သွေးလန့်မှု) ၃ ခုဟာ တခုနဲ့တခု အပြန်အလှန်အားဖြည့်တဲ့ တြိအစု ဖြစ်နေပါပြီ။ ယူကရိန်းမှာ ဥရောပရဲ့ အရေးနိမ့်မှုက မဟာဗျူဟာအရ အမှားကိုမမြင်နိုင်တဲ့ မျက်ကွယ် (blind spots) ကို ပြသနေပါတယ်။ အစိုးရတွေက ငွေပုံအားဖြည့်ပြီး လုပ်မဲ့ စစ်ရေးဆိုင်ရာ စက်မှုကဏ္ဍ အစီအစဉ်ကို ထိုးဖောက်ခဲ့ပါပြီ။ ထရမ့်ပ်က သမ္မတရှီကျင့်ဖျင်နဲ့ အလိုတူ သဘောတူညီမှုတွေ ကြောင့် တရုတ်ပြည်ပပို့ကုန်တွေဟာ ဥရောပကို လွှမ်းမိုးစီးဝင်လာပါလိမ့်မယ်။ စကော့တလန်မှာ ဖြစ်ရတဲ့ ငွေကြေးဆုံးရှုံးမှုနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရွေ့ (shakedown) ကြောင့် ဥရောပအနေနဲ့ သူတို့စုဆောင်းလာခဲ့တဲ့ အရင်းအနှီးတွေ ပြုန်းတီးရသလို၊ တန်းတူညီမျှမှုအတွက် မျှော်လင့်ချက်တွေလည်း ဆုံးပါးကုန်ရပါတယ်။

ထိပ်သီးနိုင်ငံ ၂ ခုကမ္ဘာ (G2 world) မှာတော့ မျှော်မှန်းထားကြတဲ့ ကမ္ဘာ့ရွာကြီးဆိုတာက ဂလက်ဒီယေတာတွေ စစ်ခင်းတဲ့ ကွင်းပြင်လို ဖြစ်နေပြီး ခုတော့ ဥရောပသမဂ္ဂနဲ့ ယူနိုက်တက် ကင်းဒမ်းကတော့ ဝေလေလေ ဦးတည်ချက်မဲ့ လျှောက်သွားနေရပါပြီ။ အသစ်ဖြစ်တဲ့ ပိုလို့ခက်ခဲတဲ့၊ ပိုလို့ အေးစက်တဲ့ ကမ္ဘာ့အစီအစဉ်သစ်က ဥရောပတိုက်ရဲ့ ရည်မှန်းချက် အုတ်ဂူပေါ် စိုက်ထူလိုက်ပါပြီ။ ဒီနှစ်မှာ အခိုင်အမာပေးတဲ့ သင်ခန်းစာကတော့ ရပ်တည်ရေးအတွက် သူသေ-ကိုယ်ရှင် ပြိုင်ဆိုင်နေရတဲ့ ခေတ်မှာ မဟာဗျူဟာအရ မှီခိုနေရမှုဟာ အရေးမပါတာ ဖြစ်ရတော့မဲ့ဘဝအတွက် အစပျိုးလို့ ဆိုနိုင်ပါတယ်။

အောင်သူငြိမ်း 

Ref: Three Shocks that Shook the World in 2025

Yanis Varoufakis (Dec 22, 2025). Project Syndicate.

Project Syndicate ဝက်ဆိုက်တွင် Yanis Varoufakis  ရေးသားထားသည့်  “Three Shocks that Shook the World in 2025” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ ရာနစ်ဗာရူဖာကစ်စ်သည် ဂရိနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဖြစ်သည်။ MERA25 ပါတီ၏ခေါင်းဆောင်ဖြစ်ပြီး၊ အေသင်တက္ကသိုလ်၏ ဘောဂဗေဒပါမောက္ခတဦး ဖြစ်သည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013