DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
DVB
·
January 1, 2026
ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း ဒဏ်ရာရပြီးတော့ MA2 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ကွပ်ကဲရေးမှူး အပါအဝင် မုံရွာခရိုင် ပကဖရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ Burma Army (BA) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖနဲ့ ဒီပဲယင်းမြို့နယ် ပကဖ တွေက တော်လှန်ရေး​ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက “ကျနော်တို့ ဘုတလင်မြို့ဆိုတာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အရမ်းနီးတယ်။ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမဲ့နေ့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရင်းနဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မဲရုံအဖြစ် သတ်မှတ်ထားတဲ့နေရာ ၂ ခုကို အဲဒီနေ့ မနက် ၅ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိ တိုက်ပွဲဖြစ်ခဲ့ကြတာဆိုတော့ တိုက်ပွဲက ၉ နာရီလောက် ကြာခဲ့ပြီး မြို့ကို ယာယီ ခေတ္တ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရန်သူ့ဘက်က Y12 နဲ့ ၈ ကြိမ်၊ ပါရာမော်တာတွေနဲ့ ၉ ကြိမ်၊ အသေခံဒရုန်းတွေနဲ့ ၆ ကြိမ် လေကြောင်းပစ်ကူတွေ ပေးခဲ့တယ်။ နမခ ထဲကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့သလို မြေပြင်စစ်ကူတွေ ပို့လာလို့ တိုက်ပွဲက အချိန်ပိုကြာသွားခဲ့တာ။ တိုက်ပွဲအချိန်ကြာလာတော့ မြို့ကို ယာယီထိန်းသိမ်းထားနိုင်ပြီးမှ ကျနော်တို့ဘက်က ခဲယမ်းမ​လုံလောက်တာကြောင့်မို့လို့ ခဏပြန်ဆုတ်လာခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။

​ဘုတလင်မြို့သိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘုတလင်မြို့ကနေ ​ခဲယမ်းလုံလောက်မှု မရှိတာကြောင့် မြို့ပေါ်ကနေ ယာယီ ပြန်လည်ဆုတ်ခွာပေးခဲ့ရပေမဲ့ ဒီဇင်ဘာ ၃၁ ရက်အထိ မြို့ပြင်ကနေ ဝိုင်းဝန်းပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအရှိန် ပြင်းထန်နေတာကြောင့် ဘုတလင်မြို့ပေါ်က ပြည်သူတွေဟာ မြို့ကို စွန့်ခွာသွားကြပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အထွက်ဂိတ်တွေကနေ ပိတ်ဆို့တားဆီးတာတွေ ပြုလုပ်နေကြလို့ မြို့ခံပြည်သူတွေဟာ တိုက်ပွဲတွေအတွင်း မြို့ပေါ်မှာ ပိတ်မိနေကြသလို ဘုတလင်မြို့ပေါ်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ဘုတလင်မြို့နယ်ထဲက ကံသစ်ရွာမ၊ ကံသစ်အရှေ့၊ ကံသစ်အနောက်၊ ဇီးတောအရှေ့၊ ဇီးတောအနောက်၊ ရွှေတောင်၊ ရွာရှည်အရှေ့၊ ရွာရှည်အနောက်၊ သပြေပင်၊ နေပူကုန်း၊ လွှဲတဲ၊ သမန်းတော၊ ကျီးပင်ချောင်၊ ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ မှန်တော၊ ထနောင်းကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၃၀ နီးပါးက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013