
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပအဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အဆိုပါ ကွမ်းခြံရွာကို စစ်တပ်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ဂျိုင်ရိုကော်ပတာ တစင်း၊ ဆူဆိုက်ဒရုန်းတစင်းတို့နဲ့ စုစုပေါင်း ၂ ကြိမ် ဝေဟင်ကနေ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကွမ်းခြံရွာသားတယောက်က “ကနဦးက ဂျိုင်ရိုကော်ပတာတစင်းနဲ့ ဗုံးသီးကြဲချတယ်။ နောက်ထပ်လည်း ဆူဆိုက်ဒရုန်းတစင်းနဲ့ ဗုံးသီး ထပ်မံကြဲချသွားတယ်။ စုစုပေါင်း ၂ ကြိမ် ဝေဟင်ကနေ ဗုံးသီးကြဲချ တိုက်ခိုက်သွားတာဗျ။ အဲလို ကြဲချလို့ မိသားစုဝင်လေးဦးနဲ့ ညီအစ်မနှစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်ဗျ။ သူတို့ ဘာသတင်းရလဲတော့ မသိဘူး။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ လာရောက်တိုက်ခိုက်သွားတာဗျ” လို့ ပြောပါတယ်။
ကွမ်းခြံရွာဟာ ဘုတလင်မြို့နယ် အနောက်တောင်ခြမ်း ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး နမခအထိုင်ချ စစ်တပ်စခန်းနဲ့လည်း အနီးဆုံးကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။
ဘုတလင်ပအဖ တာဝန်ရှိသူတယောက်က “နေ့လယ်က လာချသွားတာ။ ကျနော့်ဆီ စာရင်းတင်ပြထားတာက အသက် ၁၃ နှစ်အရွယ် တဦး၊ ၁၅ နှစ်အရွယ် တဦး၊ ၁၇ နှစ်အရွယ် ၂ ဦး၊ ၂၂ နှစ်အရွယ် တဦးနဲ့ ၄၀ အရွယ် တဦးတို့ သေဆုံးတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း စစ်အာဏာရှင်တပ်က စလွန်းရွာကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။











