DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့် သဘောတူညီမှုကြောင့် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်
DVB
·
December 31, 2025
တရုတ်နှင့် သဘောတူညီမှုကြောင့် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်
Donate to DVB

ကုလသမဂ္ဂ အပါအဝင် နိုင်ငံအများစုက မထောက်ခံတဲ့ ရွေးကောက်ပွဲဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အကြားက သဘောတူညီမှုတခု ဖြစ်တယ်လို့ တရုတ်ဘက်က ပြောပါတယ်။

အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေရဲ့ သဘောထား မှတ်ချက်ပေးတဲ့ အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ အပိုင်း-၁ ကို အောင်မြင်တယ်လို့ပြောပြီး ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေးကောင်းလာမယ်၊ ပဋိပက္ခတွေ လျော့ကျလာမယ်လို့ ပြောသလို ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က “အဲတော့ ဘာတွေ သဘောတူထားလဲ ဆိုတာက ကျနော်တို့ မသိရဘူးလေနော်။ စစ်တပ်ဘက်က တစုံတရာ တရုတ်နဲ့ သဘောတူညီမှု ရှိထားတာလား ဆိုတဲ့ကိစ္စကတော့ စောင့်ကြည့်ရဦးမယ့်အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတာတခုကတော့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာက စစ်တပ်တခုတည်း မဟုတ်ဘူးလေနော်။ စစ်တပ်က တရားဝင်အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီးတော့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေကို လျစ်လျူရှုပြီးတော့ စစ်တပ်နဲ့ သဘောတူညီရုံနဲ့တော့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အပြောင်းအလဲလုပ်လို့ ရမှာမဟုတ်ဘူးလို့လည်း ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်အနေနဲ့ ‌ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ဘက်က တစုံတရာ အပြောင်းအလဲ လုပ်မယ်လို့ မျှော်လင့်မယ်ဆိုရင် ဖြစ်လာနိုင်စရာမရှိတဲ့အကြောင်းနဲ့ တော်လှန်ရေးကလည်း ဒီတိုင်းပဲ ဆက်ရှိနေလိမ့်မယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

တရားဝင်မှု ရလာနိုင်တဲ့ အခြေအနေတခုကို လက်ကိုင်ထားပြီး ပြည်သူတွေအပေါ် ညှဉ်းပန်း နှိပ်စက်တာတွေ ဆက်လုပ်နေမှာလို့ NUG ဘက်က ပြောပါတယ်။

စင်ကာပူနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူတယောက်ကလည်း အခုရွေးကောက်ပွဲက ပဋိပက္ခတွေကို လျှော့ချနိုင်မဲ့ အနေအထားမျိုး မတွေ့ရသေးကြောင်း ဝေဖန်ပါတယ်။

“သဘောကတော့ အတိုင်းအတာတခုထိ ရှမ်းပြည်နယ်ဘက်သော်လည်းကောင်း ပေါ့နော်၊ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်ပိုင်းတွေသော်လည်းကောင်း တချို့နေရာတွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကြားက ငြိမ်းချမ်းရေး ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေးဆိုင်ရာကို ဖိအားပေးပြီးတော့ တည်ဆောက်နိုင်တယ်ဆိုတာ၊ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ပုံရိပ်ကို မြှင့်တင်လို့ရတဲ့ သဘောမျိုးပေါ့။ ကျနော်တို့ မြန်မာပြည်တွင်းမှာတော့ ပုံစံအမျိုးမျိုး ရှိနိုင်ပေမဲ့ တရုတ်နိုင်ငံအနေနဲ့ကျတော့ မြန်မာနိုင်ငံ ပြည်တွင်းစစ်လိုမျိုး ဖြေရှင်းရခက်တဲ့ဟာကို သူဖြေရှင်းပေးနိုင်ခဲ့တယ်ဆိုတဲ့ အမည်ယူတာမျိုး လုပ်ချင်တာလို့ ကျနော်တို့ ယူဆလို့ ရတယ်ပေါ့လေ။”

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ တတွင်တွင်ပြောနေပေမဲ့ မြန်မာ့ရွေးကောက်ပွဲဟာ တရုတ်ကြောင့်ဖြစ်လာတာလို့ ဖွင့်ပြောလာတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ရွေးကောက်ပွဲ အပိုင်း-၁ ကို ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ ခု၊ အပိုင်း-၂ ကို ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း-၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ်ပေါင်း ၆၃ ခုမှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာသတင်းတွေမှာတော့ မြန်မာပြည်သူတွေဟာ မျှော်လင့်ချက်ကြောင့်မဟုတ်ဘဲ ကြောက်ရွံ့စိတ်နဲ့ မဲထည့်ခဲ့ရပြီး မဲပေးသူအရေအတွက်ကလည်း အရင်ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ နည်းပါးကြောင်း ရေးသားကြပါတယ်။

မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့သလို ရွေးကောက်ပွဲနေ့မှာတင် ဗုံးကြဲမှု၊ ဗုံးကွဲမှုနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

စိုးသူအောင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013