
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကမ်းသာယာကမ်းခြေမှာ အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရေဆင်းကူးရာကနေ လူငယ် ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ အာရက္ခမျိုးဆက် စစ်ရှောင်ကူညီရေးအဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ကမ်းသာယာရွာက အသက် ၂၄ နှစ်အရွယ် ကိုထွန်းလင်းအောင်နဲ့ အသက် ၂၀ အရွယ် မသက်နှင်းဝေတို့ ဇနီးမောင်နှံ အပါအဝင် လူငယ်တစု ကမ်းသာယာကမ်းခြေမှာ ရေဆင်းကူးခဲ့ကြတာ ဖြစ်ပါတယ်။
အာရက္ခမျိုးဆက် စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တယောက်က “အခု အလောင်းတွေကို ဆယ်ယူထားပါပြီ။ ဆက်ပြီး လုပ်စရာရှိတာတွေ လုပ်ရမှာပေါ့” လို့ DVB ကို ပြောပါတယ်။
ရေဆင်းကူးခဲ့သူတွေထဲမှာ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က အသက် ၁၇ နှစ်အရွယ် မမေပိုးအိမ်နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဇွဲနေသွေး တို့လည်း ပါဝင်ပြီး စုစုပေါင်း လူငယ် ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ အာရက္ခမျိုးဆက် စစ်ရှောင်ကူညီရေးအဖွဲ့ထံက သိရပါတယ်။
ရေနစ်နေကြောင်း သိရှိရတဲ့အတွက် ဝိုင်းဝန်းကူညီဆယ်ယူခဲ့ကြရာမှာ အဲဒီလူငယ် ၄ ယောက်စလုံးကို ပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။











