
ရခိုင်ပြည်၊ ဂွမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂွမြို့နယ်၊ ရေကျော်ကျေးရွာနဲ့ ကျိန္တလီကို စက်တင်ဘာ ၂၆ ရက် ဒီမနက်အစောပိုင်း ၁ နာရီ လောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့် ဒေသခံ ၂ ယောက် ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်တဆောင် မီးလောင်သလို အနီးအနားမှာရှိတဲ့ နွား ၂ ကောင် သေဆုံးသွား တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကနဦးသိရတာက ကျိန္တလီမှာ ၂ ယောက် ဒဏ်ရာရတယ်။ ရေကျော်မှာ ကျောင်းဆောင်တဆောင် မီးလောင်သွားတယ်။ ပတ်ဝန်းကျင်က နွားနှစ်ကောင်ထိပြီးသေတယ်” လို့ပြောဆိုပါတယ်။
အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ဒဏ်ရာရပြီး အိမ် ၂ လုံးလည်း ပျက်စီးခဲ့သလို တဆက်တည်းမှာ ရေကျော်ကျေးရွာဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့တဲ့အတွက် ကျောင်းဆောင်မီးလောင်သွားပြီး အနီးအနား နွားနှစ်ကောင်သေဆုံးသွားတယ်လို့သိရပါတယ်။
အလားတူ စက်တင်ဘာ ၂၅ ရက် မနေ့ညနေ ၃ နာရီကျော်လောက်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ပတ်ဝန်းကျင်၊ ကြောင်ခိုးချောင်းနဲ့ မင်းပြင်ရွာနားကတောင်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မနေ့ကဂျက် ၂ စင်းနဲ့ ဗုံးလာကြဲတယ်။ လူအထိအခိုက်တော့ မရှိဘူး။ စနဲဘက်က လူတွေလည်းစစ်ရှောင်နေတယ်။ အခုက လူအများစုက စစ်ရှောင်သွားတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျောက်ဖြူမှာ စက်တင်ဘာ ၄ ရက်နေ့က စနဲ၊ သိုင်းချောင်းနဲ့ မင်းပြင်ဘက် ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ ရှေ့မရောက်နိုင်ဘဲ အကျအဆုံးနဲ့ နောက်ဆုတ်နေရပြီး အခုလို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဒေသခံ ကျေးရွာတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။










