DVB Logo
Home
နိုင်ငံတကာ
ဂျာမနီတွင် ဘဏ်ဖောက်ထွင်းခံရပြီး ငွေနှင့် အဖိုးတန်ပစ္စည်း ယူရို ၁၀ သန်းဖိုးခန့် ပါသွား
DVB
·
December 31, 2025
ဂျာမနီတွင် ဘဏ်ဖောက်ထွင်းခံရပြီး ငွေနှင့် အဖိုးတန်ပစ္စည်း ယူရို ၁၀ သန်းဖိုးခန့် ပါသွား
Donate to DVB

ဂျာမနီနိုင်ငံမှာ ခရစ္စမတ်ကာလကို သူခိုးတွေက တိတ်တိတ်အသုံးချရင်း ဂျာမန် လက်လီဘဏ်တခုရဲ့ ငွေတိုက်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။

ဖောက်သည်တွေရဲ့ ငွေသွင်းသေတ္တာတွေကနေ ယူရို ၁၀ သန်းထက်မနည်း တန်ဖိုးရှိတဲ့ ငွေတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့ကြတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။

ရာဇဝတ်သားတွေဟာ ဂျာမနီနိုင်ငံ အနောက်ပိုင်း ဂယ်ဇန်ကယ်ယာရွှန်မြို့က ရှပါကက်ဆာ ဘဏ်ခွဲတခုရဲ့ ထူထဲတဲ့ ကွန်ကရစ်နံရံကို ဖောက်ထွင်းဝင်ရောက်ပြီး ငွေတိုက်သေတ္တာ ထောင်ပေါင်းများစွာကို ဖောက်ထွင်းရင်း ယူရိုသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပမာဏကို ခိုးယူသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းကစပြီး ဂျာမနီနိုင်ငံက ဆိုင်တွေနဲ့ ဘဏ်အများစုဟာ ခရစ္စမတ်ကာလအတွင်း ပိတ်သိမ်းလေ့ရှိပြီး ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းမှာ မီးအချက်ပေးသံ မြည်ပြီးတဲ့နောက်မှသာ ရဲတွေက အပေါက်ကို ရှာတွေ့ခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ ဖောက်သည်တွေဟာ အင်္ဂါနေ့က ဘဏ်ရှေ့မှာ စုဝေးခဲ့ကြပြီး ဝင်ခွင့်ပြုပါလို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့ကြပါတယ်။

“မနေ့ညက ကျနော် အိပ်မပျော်ဘူး။ ဘာသတင်းအချက်အလက်မှ မရခဲ့ဘူး” လို့ ဘဏ်ခွဲအပြင်ဘက်မှာ စောင့်နေတဲ့ အမျိုးသားတယောက်က Welt ရုပ်သံလိုင်းကို ပြောခဲ့ပါတယ်။

သူဟာ ၂၅ နှစ်ကြာ ငွေစုဘဏ်ကို သုံးခဲ့ပြီး သက်ကြီးရွယ်အိုတွေအတွက် ငွေစုဘဏ်စာရင်း ပါရှိတယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။

တခြားအမျိုးသားတယောက်က ငွေသွင်းဘဏ်ကို မိသားစုအတွက် ငွေသားနဲ့ လက်ဝတ်ရတနာတွေ သိမ်းဖို့ သုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။

စနေနေ့ညက အနားက ကားပါကင်တခုရဲ့ လှေကားမှာ အိတ်ကြီးတွေကို သယ်လာတဲ့ အမျိုးသား အများအပြားကို မြင်တွေ့ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက သတင်းပို့ခဲ့တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

တနင်္လာနေ့မနက် အစောပိုင်းမှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတွေ အနက်ရောင် Audi RS 6 ကားတစီးနဲ့ ကားဂိုထောင်ကနေ ထွက်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ကားလိုင်စင်နံပါတ်က မြို့ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ ကျော်အကွာ ဟန်နိုဗာမြို့မှာ ခိုးယူခံရတဲ့ ကားတစီးရဲ့ နံပါတ်ဖြစ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013