
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ယီမင်နိုင်ငံ၊ ဟာဒြာမောင့်ပြည်နယ်ရှိ မူကာလာဆိပ်ကမ်းဆီ ယူအေအီးကနေ ရောက်လာတဲ့လက်နက်တွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေကို ပစ်မှတ်ထားပြီး ကန့်သတ်စစ်ဆင်ရေးတရပ် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
ယီမင်နိုင်ငံရဲ့ တရားဝင်သမ္မတခေါင်းဆောင်မှုကောင်စီ အကြီးအကဲရဲ့ တောင်းဆိုချက်အရ မဟာမိတ်တပ်ဖွဲ့တွေဟာ ဟာဒရာမောက်နဲ့ အယ်လ်မာရာမှာရှိတဲ့ အရပ်သားတွေကို ကာကွယ်ဖို့ လိုတဲ့ စစ်ရေးအစီအမံတွေ ဆောင်ရွက်ဖို့လုပ်ခဲ့တာလို့ ဆော်ဒီမဟာမိတ်တပ်ဖွဲ့တွေရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး တာကီအယ်လ်မာလိခိက ပြောတဲ့အကြောင်း ဆော်ဒီသတင်းဌာန (SPA) က ဖော်ပြပါတယ်။
မူကာလာဆိပ်ကမ်းက သင်္ဘော ၂ စင်းပေါ်ကနေ ချထားတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေကို ပစ်မှတ်ထားပြီး အင်္ဂါနေ့အစောပိုင်းမှာ မဟာမိတ်လေတပ်တွေက အကန့်အသတ်နဲ့ စစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သင်္ဘော ၂ စင်းဟာ တရားဝင်ခွင့်ပြုချက် မရှိဘဲ ဖူဂျာရာဆိပ်ကမ်းကနေ မူကာလာသို့ ထွက်သွားခဲ့တယ်လို့လည်း ပြောပါတယ်။
ယူအေအီး အစိုးရက ထောက်ခံတဲ့ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီက မကြာသေးမီက ယီမင်တောင်ပိုင်းဒေသကို သိမ်းပိုက်ပြီးတဲ့နောက် ဟာဒရာမောက်မှာ တင်းမာမှုတွေကြားက စစ်ဆင်ရေးတရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာ ယူအေအီးတပ်ဖွဲ့တွေ ထွက်သွားဖို့ ဆော်ဒီက ပြင်းပြင်းထန်သတိပေးခဲ့ပြီး ၂၄ နာရီအချိန်ပေးခဲ့ပါတယ်။
ရေနံထွက်တဲ့ ပင်လယ်ကွေ့ အင်အားကြီး ၂ နိုင်ငံကြား တင်းမာမှုက အထွတ်အထိပ်ကို ရောက်လာတာနဲ့အမျှ မဟာမိတ်အဖွဲ့ဟာ ယူအေအီး ကျောထောက်နောက်ခံပြု တောင်ပိုင်းခွဲထွက်ရေးသမားတွေအပေါ် နိုင်ငံခြားစစ်ရေး ထောက်ပံ့မှုအဖြစ် ဖော်ပြထားတဲ့ ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့တာပါ။
ယီမင်သမ္မတကောင်စီ အကြီးအကဲ ရာရှက်အယ်လ်အလီမီက ယူအေအီးနဲ့ ကာကွယ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေပြောခဲ့ပြီး ယီမင် ပြည်တွင်းပဋိပက္ခတွေကို လောင်စာဖြည့်ပေး နေတယ်လို့ ယူအေအီးကို စွပ်စွဲခဲ့ပါတယ်။
Source: Reuters










