DVB Logo
Home
မြန်မာသတင်း
မဲပေးမှုအနည်းဆုံးနှင့် လူစိတ်ဝင်စားမှုအနည်းဆုံး ၂၀၂၅ ရွေးကောက်ပွဲ
DVB
·
December 30, 2025
မဲပေးမှုအနည်းဆုံးနှင့် လူစိတ်ဝင်စားမှုအနည်းဆုံး ၂၀၂၅ ရွေးကောက်ပွဲ
Donate to DVB

၂၀၂၅ ရွေးကောက်ပွဲဟာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေထဲမှာ မဲပေးမှုအနည်းဆုံးနဲ့ လူစိတ်ဝင်စားမှုအနည်းဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကိုယ်စားလှယ်လောင်းတွေနဲ့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်အုပ်စုကကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပတဲ့နေ့တွေမှာ တမြို့လုံး တိတ်ဆိတ် ခြောက်ကပ်နေသလို ကျင်းပပြီး နောက်တနေ့မှာလည်း မဲရလဒ်တွေ မထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့တွင်းမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ မရှိခဲ့ပါဘူး။

အခုတခေါက် စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး မဲပေးနိုင်သူဦးရေကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာလည်း ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေသာဖြစ်လို့ မဲပေးမှုအနည်းဆုံးရွေးကောက်ပွဲ ဖြစ်တယ်လို့ ရန်ကုန်မြို့ကနေ ဝင်ရောက်ရွေးချယ်ခံခဲ့တဲ့ အမတ်လောင်းတယောက်က ပြောပါတယ်။

“ကျနော်တို့ တွက်ဆထားတဲ့အတိုင်းပေါ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကြီးက ခိုင်လုံမဲ သူ့မှာရှိတယ်။ သူ့ကိုယုံကြည်ထောက်ခံနေတဲ့ Solid မဲတွေ သူ့မှာရှိတယ်။ အရင်တုန်းကတော့ ၂၀ ပတ်ဝန်းကျင် တွက်တာပေါ့လေ။ ဒါပေမဲ့ မနေ့က ရွေးကောက်ပွဲအခြေအနေ ကြည့်လိုက်တာကျတော့ ၃၂ ရာခိုင်နှုန်းပဲထွက်တယ်။ သူရတဲ့မဲတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် သူတို့က ၁၅ ပတ်ဝန်းကျင် ၁၅ လောက်မှာပဲရှိတယ်။ ကျန်တဲ့ဟာက မဲပြားသွားတာပေါ့။ တကယ်လို့များ ရွေးကောက်ပွဲကို ၅၀ ရာခိုင်နှုန်းလောက် ပေးတယ်ဆိုရင် ကျနော်တို့က အပြတ်အသတ် နိုင်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲမပေးနဲ့ ဆိုတဲ့အတွက်ကြောင့် တချို့ကျတော့လည်း လာမပေးတာကြောင့် လူထုစိတ်ဝင်စားမှု အကျဆုံးနဲ့ မဲပေးမှု အနည်းဆုံး ရွေးကောက်ပွဲ ဖြစ်သွားတာပေါ့။”

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ကနေ ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး လက်ရှိ ၂၀၂၅ ခုနှစ်မှာလည်း ရန်ကုန်မြို့ကပဲ ဝင်ရောက်ရွေးချယ်ခံခဲ့ကာ ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့သူ အမတ်လောင်းတယောက်ကလည်း အခုလိုပြောပါတယ်။

“နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အထွေထွေအကျပ်အတည်း၊ အထွေထွေ ချွတ်ခြုံကျမှုကြောင့် ပြည်သူလူထုမှာလည်း Pressure တွေရှိတယ်။ အဲဒီ Pressure တွေရှိတဲ့ အနေထားပေါ်မှာ ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ရွေးချယ်ဆောင်ရွက်ပိုင်ခွင့် ရှိရင်တော့ ဒီထက်ပို အလားအလာ ကောင်းတယ်ပေါ့နော်။ သူတို့ရဲ့ ဆန္ဒသဘောထားအမှန်တွေနဲ့ အနီးစပ်ဆုံး ရနိုင်တယ်။ အခုအခြေအနေကတော့ နှစ်ဖက်စလုံးရော အနေထားအားလုံးကရော အကျပ်အတည်းတွေ အများကြီးရှိတဲ့အတွက် တော်တော်ကျပ်တည်းကျဥ်းမြောင်းပြီး ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့ ရွေးကောက်ပွဲတခုလို့တော့ ပြောနိုင်ပါတယ်။”

ရွေးကောက်ပွဲနေ့မှာ စစ်ကောင်စီခန့် ဝန်ထမ်းတွေက မဖြစ်မနေ မဲပေးရသလို ရွေးကောက်ပွဲနေ့ကျမှ မဲလာပေးဖို့ ဖိအားပေးတာတွေကြောင့် မဲထွက်ပေးရသူတွေ ရှိနေပါတယ်။

ဒါ့အပြင် ဆူးလေတဝိုက်က မြို့နယ်တွေမှာ လမ်းဆုံတိုင်း၊ လမ်းထိပ်တိုင်းမှာ စစ်သားနဲ့ ရဲတွေအပြင် လှည့်ကင်းကား အများအပြားကိုလည်း ချထားသလို ဆင်ခြေဖုံးမြို့နယ်တွေမှာလည်း မဲရုံအတွင်းမှာ လက်နက်ကိုင်ဝန်ထမ်းတွေကို ချထားတာက အများပြည်သူကို မဲပေးဖို့၊ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို ရွေးချယ်ပေးဖို့ ဖိအားတွေ ဖြစ်လာစေတာ ဖြစ်ပါတယ်။

“အခုလက်ရှိ ပြောမယ်ဆိုရင်တော့ အမြင်အရဆိုရင် ဒီကောင်ဆိုရင် သုံးပုံပုံ တပုံလောက်ပဲ လာမယ်။ မဖြစ်မနေပေါ့နော်၊ ရုံးသမားတွေ ဘာညာရှိမယ်။ စိတ်မဝင်စားဘူး။ တော်တော်များများက စိတ်မဝင်စားဘူး။ မြင်တာကိုပြောပြတာ။ အမြင်ကို ပြောပြတာ။ တော်တော်များများက စိတ်မဝင်စားဘူး။ အရင်တုန်းကတော့ အုန်းအုန်းကျွက်ကျွက်ပေါ့ အရင်တုန်းက။ မဲထည့်တဲ့သူလည်း ဖိအားလည်းမရှိဘူး။ အခုက ဖိအားတွေလည်းပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း ၁ မှာ စစ်တပ်အုပ်စိုးတဲ့ မြို့နယ်တွေ အများအပြားပါဝင်ပြီး နေပြည်တော်၊ ပြင်ဦးလွင်တို့လို မြို့နယ်တွေ ပါဝင်တဲ့အပြင် ရန်ကုန်မြို့က တပ်မြို့တွေဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီ စတဲ့မြို့နယ်တွေလည်း ပါဝင်ပါတယ်။

အဲဒီမြို့နယ်တွေက ပြည်သူတွေမှာတော့ ညနေစောင်းချိန်၊ မဲရုံပိတ်တဲ့အချိန်ထိ စောင့်ဆိုင်းပြီး မဲပေးနေကြရတာကိုလည်း တွေ့မြင်ရပါတယ်။

မှော်ဘီမြို့နယ်က ဒေသခံတယောက်ကတော့ တပ်မြို့မှာ မဲပေးခဲ့ရတဲ့အခြေအနေကို အခုလိုပြောပါတယ်။

“စစ်တပ်အုပ်ချုပ်တဲ့ကြားမှာ နေနေရတာ။ ဆန္ဒပါလည်းထည့်၊ ဆန္ဒမပါလည်းထည့်။ အဲလိုနေနေရတာ။”

ပြည်သူအများစု ထောက်ခံတဲ့ ပါတီခေါင်းဆောင်တွေကို ထောင်သွင်းအကျဥ်းချထားပြီး စစ်တပ်က ဦးဆောင်ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ လုံခြုံရေးမထိန်းနိုင်တာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး အလှည့်ကျစနစ်နဲ့ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

လာမဲ့ ၂၀၂၆၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျန်ရှိနေသေးတဲ့ မြို့နယ်ပေါင်း ၁၀၀ နဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ မြို့ နယ်ပေါင်း ၆၃ မြို့နယ်မှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲဟာ တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ်လုံးကျွတ် ကျင်းပနိုင်တဲ့ ရွေးကောက်ပွဲက ၁၃၁ မြို့နယ်သာရှိပြီး လုံးဝမကျင်းပနိုင်တဲ့မြို့နယ်က ၆၅ မြို့နယ်နဲ့ မြို့ပေါ်မှာသာ မဲရုံဖွင့်နိုင်တဲ့မြို့က ၁၆ မြို့နယ်နဲ့ နေရာကွက်ပြီး ကျင်းပမဲ့ မြို့နယ်က ၁၁၈ မြို့နယ် ရှိပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013