
အီတလီရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်မှာ အီတလီအခြေစိုက် ပရဟိတလုပ်ငန်းတွေကတဆင့် ဟားမတ်စ်တွေကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်တဲ့ ရှာဖွေမှုတွေအတွင်း ငွေသား ယူရို ၁ ဒသမ ၀၈ သန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
ရှာဖွေမှုတွေကို မြောက်ပိုင်း ဂျီနိုအာမြို့က အစိုးရရှေ့နေတွေက အမိန့်ပေးခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေက တနိုင်ငံလုံးမှာ ရှာဖွေ ဆောင်ရွက်ခဲ့တာပါ။
သိမ်းဆည်းရမိတဲ့ ငွေသားတွေကို ပါလက်စတိုင်း လိုလားတဲ့ ပရဟိတလုပ်ငန်းတခုရဲ့ ရုံးခန်းတွေနဲ့ မြောက်ပိုင်း ဆာဆူအိုလိုမြို့က ကားဂိုဒေါင်တခုမှာရှိတဲ့ လျှို့ဝှက်အခန်းတခုတို့ အပါအဝင် သံသယရှိသူတွေရဲ့ ပုဂ္ဂလိကအိမ်တွေမှာပါ တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ လိုဒီပြည်နယ်က အိမ်ခြံမြေတခုမှာရှိတဲ့ နံရံအခေါင်းပေါက်ထဲမှာ ဝှက်ထားတဲ့ ကွန်ပျူတာတွေအပြင် လာမဲ့ရက်တွေအတွင်း ခွဲခြမ်းစိတ်ဖြာမဲ့ တခြား အီလက်ထရွန်နစ် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
သံသယရှိသူတယောက်ရဲ့ အိမ်မှာ ရဲတွေက ဟားမတ်စ်အလံတခု၊ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ တခြားပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။
မာဖီးယားတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနတွေရဲ့ ညှိနှိုင်းဆောင်ရွက်မှုအရ အီတလီအခြေစိုက် ပရဟိတ အဖွဲ့အစည်းတွေကတဆင့် ဟားမတ်စ်ကို ငွေကြေးထောက်ပံ့မှုနဲ့ သံသယရှိသူ ၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အီတလီရှေ့နေတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ယူရို ၇ သန်း (ဒေါ်လာ ၈ ဒသမ ၂ သန်း) လောက်ကို ဟားမတ်စ်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အကြောင်း အစိုးရရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
Source: Reuters










