
ဂျပန်နိုင်ငံရဲ့ စံချိန်တင်ကာကွယ်ရေးဘတ်ဂျက်အစီအစဉ်နဲ့ စစ်ရေးတိုးချဲ့မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိဦးဆောင်တဲ့ အစိုးရကို ဂျပန်နိုင်ငံသားတွေက ဒီဇင်ဘာ ၂၈ ရက်က တိုကျိုမြို့တော်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန် ကာကွယ်ရေးဘတ်ဂျက်မူကြမ်းကို ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင်ယန်းငွေ ၉ ဒသမ ၀၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံလောက်) သတ်မှတ်ထားတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဒီပမာဏဟာ ဧပြီလမှာစတဲ့ လက်ရှိ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရင်စံချိန်ဖြစ်တဲ့ ယန်း ၈ ဒသမ ၇ ထရီလီယံထက် ကျော်လွန်ခဲ့တာပါ။
၂၀၂၃ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ ကာကွယ်ရေးအသုံးစရိတ်အတွက် ယန်း ၄၃ ထရီလျံလောက် ခွဲဝေပေးဖို့ ဂျပန်ရဲ့ ကာကွယ်ရေး တည်ဆောက်မှုအစီအစဉ်နဲ့လည်း ကိုက်ညီနေပါတယ်။
တနင်္ဂနွေနေ့မှာ ဆန္ဒပြသူတွေဟာ တိုကျိုမြို့လယ်မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။
ဂျပန်အစိုးရကိုလည်း စစ်ပွဲမှာ ပါဝင်ပတ်သက်ခွင့် ဒါမှမဟုတ် နိုင်ငံတကာပဋိပက္ခတွေကို ဖြေရှင်းရာမှာ စစ်ရေးအင်အားကို အားကိုးခွင့်ကို စွန့်လွှတ်တဲ့ ငြိမ်းချမ်းရေး ဝါဒီဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ကတိကဝတ်ကို လိုက်နာဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။
ဂျာမနီနဲ့ အီတလီ ၂ နိုင်ငံစလုံးဟာ ဒုတိယကမ္ဘာစစ်ကို ပြန်သုံးသပ်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ပွဲကို တားမြစ်ထားသလို ဂျပန်ကနေ တခြားနိုင်ငံတွေကို တပ်ဖွဲ့တွေ စေလွှတ်တာကိုလည်း တားမြစ်ထားပါတယ်။
ဒါကြောင့် ဂျပန်လွှတ်တော်နဲ့ နိုင်ငံတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားရမယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။
ဂျပန်အစိုးရရဲ့ စစ်ရေးတည်ဆောက်မှုနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ မှတ်ချက်တွေက ၂ နိုင်ငံကြားက ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေပြီး စိုးရိမ်စရာကောင်းတဲ့ တရုတ်ဆန့်ကျင်ရေး သဘောထားကို ညွှန်ပြနေတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။
Source: Reuters










