
ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုကိုဖြစ်စေ၊ အတုအယောင်ရွေး ကောက်ပွဲကတဆင့် ပေါ်ပေါက်လာမဲ့ ဘယ်အစိုးရကိုမဆို တရားဝင်အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမိစု မိုတဲဂိက ဧပြီ ၁ ရက် အထက်လွှတ်တော် ODA အထူးကော်မတီ အစည်းအဝေးမှာ ထပ်လောင်းအတည်ပြု ပြောပါတယ်။
အဆိုပါ အစည်းအဝေးမှာ အထက်လွှတ်တော်အမတ် အီချီဘရှိက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်နဲ့ လူသားချင်းစာနမှုအကူအညီ (ODA) တွေ ပေးအပ်နေမှု အခြေအနေတွေကို အသေးစိတ် မေးမြန်းဆွေးနွေးတာမှာ ပြောကြားလိုက်တာပါ။
လွှတ်တော်အမတ် အီချီဘရှိက "အတုအယောင် ရွေးကောက်ပွဲနဲ့ ဟန်ပြအစိုးရကို အသိအမှတ်မပြုဘူးဆိုတဲ့ မူဝါဒကို ဆက်လက်ကိုင်စွဲထားမှာလား"လို့ တိုက်ရိုက်မေးမြန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးက ဂျပန်အစိုးရရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို ထောက်ပြကာ ပြန် ဖြေကြားသွားပါတယ်။
လက်ရှိအချိန်မှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ခန့်အပ်ထားခြင်းမရှိဘဲ ယာယီတာဝန်ခံနဲ့သာ ဆက်သွယ်ဆောင်ရွက်နေကြောင်းနဲ့ ဒီလုပ်ရပ်ဟာ စစ်ကောင်စီရဲ့ သဘောတူညီချက်ကို ရယူစရာမလိုဘဲ တဖက်သတ် သံတမန်အဆင့် လျှော့ချပစ်ခဲ့တာ ဖြစ်ကြောင်း ဝန်ကြီး မိုတဲဂိက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒီအချက်ဟာ စစ်ကောင်စီနဲ့ လာမဲ့ အစိုးရသစ်ကို အသိအမှတ်မပြုကြောင်း သံတမန်ရေးအရ ပြသထားမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တိုကျိုမြို့နေ မြန်မာ့အရေးလှုပ်ရှားသူ ကိုမျိုးမင်းဆွေက "လွှတ်တော်အမတ် မစ္စတာအီချီဘရှိဟာ မြန်မာ့အရေးကို အတော်လေးနှံ့စပ်ပြီး အစဉ်တစိုက် အားစိုက်လုပ်ဆောင်နေသူဖြစ်ပြီး ပါတီစုံပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။သူရဲ့ ၄ လပိုင်း ၁ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိနဲ့ ပြောကြားချက်တွေ၊ မနေ့ ၄ လပိုင်း ၃ ရက်နေ့မှာ ဂျပန်အစိုးရ အတွင်းဝန်ချုပ်တို့ရဲ့ ပြောဆိုမှုကို ကျနော့်အနေနဲ့လေ့လာကြည့်တာကတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူး ယူလိုက်လို့ဆိုပြီး ဂျပန်အစိုးရရဲ့ မြန်မာပြည် အပေါ်ထားရှိတဲ့ သဘောထားဟာ ပြောင်းလဲသွားမှာ မဟုတ်ပဲ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီး ထားသူတွေကို လွှတ်ပေးခြင်း ရှိ မရှိ၊ သက်ဆိုင်သူတွေအကြား စိတ်ရင်းမှန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး နိုင်ငံရေးဆိုင်ရာနဲ့ ဒီမိုကရေစီဆိုင်ရာတွေတိုးတက်မှုတွေ ရှိ မရှိ၊ ပြည်သူလူထုရဲ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေအောင် လုပ်ဆောင်နေခြင်း ရှိ မရှိ တို့ကို စောင့်ကြည့်ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုထားတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေဘက်မှာ အခိုင်အမာ ဆက်လက် ရပ်တည်ပေးနေတယ်လို့ သုံးသပ်မိတယ်”လို့ ပြောပါတယ်။
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက ဂျပန်အစိုးရရဲ့ ကိုယ်စားလှယ် အမည်ခံကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံနေတာဟာ ဂျပန်အစိုးရက စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုနေသလို အထင်အမြင်လွဲမှားစေနိုင်လို့ ဒီတာဝန်ကနေရပ်စဲ သင့်တယ်လို့လည်း မစ္စတာ အီချီဘရှိက ဂျပန်လွှတ်တော်ဆွေးနွေးပွဲမှာ ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ပါတယ်။
ဂျပန်အစိုးရရဲ့ လက်ရှိချဉ်းကပ်ပုံတွေကို နောင်မှာ ဆက်လက်စောင့်ကြည့်ပြီး မေးခွန်း ထုတ်သွားမယ်လို့လည်း ပြောကြားထားပါတယ်။










