
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် အစိုးရဝန်ထမ်းတွေဟာ ဇူလိုင်လရဲ့ ပူပြင်းတဲ့ မနက်ခင်းမှာ ပိုလိုရှပ်အင်္ကျီ၊ ဘောင်းဘီတိုနဲ့ sneakers ဖိနပ်ကိုစီးပြီး လုပ်ငန်းခွင်ကို ရောက်လာနေကြပါတယ်။
ဂျပန်နိုင်ငံဟာ နောက်ထပ်ပူပြင်းတဲ့ နွေရာသီအတွက် ပြင်ဆင်နေချိန် “Tokyo Cool Biz” လှုပ်ရှားမှုအောက်မှာ အစိုးရက သူ့ဝန်ထမ်းတွေကို ဂျာကင်အင်္ကျီတွေနဲ့ လည်စည်းတွေကို စွန့်လွှတ်ပြီး ဘောင်းဘီတို၊ တီရှပ်တွေနဲ့ sneakers တွေကို အစားထိုး ဝတ်ဆင်ဖို့ အားပေးနေပါတယ်။
ပိုပြင်းထန်လာတဲ့ နွေရာသီအပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့နဲ့ စွမ်းအင်ကုန်ကျ စရိတ်တွေကို လျှော့ချဖို့ ရည်ရွယ်ထားတာပါ။
အစပိုင်းမှာတော့ နည်းနည်းထူးဆန်းတယ်လို့ ခံစားရတယ်လို့ အပြာရောင်ပိုလိုရှပ်အင်္ကျီနဲ့ ရေတပ်ဘောင်းဘီတို ဝတ်ထားတဲ့ အသက် ၃၄ နှစ်အရွယ် အစိုးရဝန်ထမ်း ဆူဒါက ပြောပါတယ်။
ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေလဲ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာတာနဲ့အမျှ ခံစားချက် တဖြည်းဖြည်း လျော့ပါးသွားတယ်လို့ ဆူဒါက တိုကျိုမြို့လယ်က သူ့ရုံးခန်းအတွင်း ဇူလိုင် ၁၄ ရက်မှာ ပြောခဲ့ပါတယ်။
မြို့တော်တိုကျိုမှာ အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့တာပါ။ အခုနှစ်မှာ ပထမဆုံး အကြိမ်အနေနဲ့ ဇူလိုင် ၁၅ ရက်မှာ ဂျပန်မိုးလေဝသအေဂျင်စီက တိုကျိုမြို့ပြဧရိယာအတွက် အပူဒဏ်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ပြင်ပလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့နဲ့ အဲယားကွန်းသုံးဖို့ တိုက်တွန်းထားပါတယ်။
မနှစ်က စံချိန်တင် အပူဆုံးနွေရာသီကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ဂျပန်နိုင်ငံဟာ နောက်ထပ်ပူပြင်းတဲ့ နွေရာသီအတွက် ပြင်ဆင်နေပါတယ်။
ဒီနွေရာသီမှာ နိုင်ငံတဝန်း ပျမ်းမျှအပူချိန်ဟာ ပျမ်းမျှနွေရာသီထက် ၂ ဒသမ ၃၆ ဒီဂရီစင်တီဂရိတ် ပိုပူခဲ့ပြီး အပူဒဏ်ကြောင့် လူပေါင်း ၁ သိန်း ကျော် ဆေးရုံတက်ခဲ့ရပါတယ်။










