DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် အပူဒဏ်အညွှန်းကိန်း အန္တရာယ်ရှိအဆင့် ရောက်ရှိနေဟုသတိပေး
DVB
·
June 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့ အပူဒဏ်အညွှန်းကိန်းဟာ အန္တရာယ်ရှိအဆင့်ကို ရောက်ရှိနေပြီး အမြင့်ဆုံး ၅၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်အထိ ရှိနေတယ်လို့ ထိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနဲ့ မိုးလေဝသဦးစီးဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး The Nation Thailand သတင်းမှာ ဇွန် ၂၅ ရက်က ဖော်ပြပါတယ်။

အပူဒဏ်အညွှန်းကိန်းဆိုတာဟာ သာမန်လေထုအပူချိန်ကို ဆိုလိုတာမဟုတ်ဘဲ လူ့ခန္ဓာကိုယ်က တကယ်တမ်း ခံစားရတဲ့ အပူချိန်ကို ဆိုလိုတာဖြစ်ကာ ဒီကိန်းဂဏန်းကို လေထုအပူချိန်နဲ့ စိုထိုင်းဆတို့ကို ပေါင်းစပ်ပြီး တွက်ချက်တာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ခန္ဓာကိုယ်က တကယ်ခံစားရတဲ့ အပူချိန်မြင့်မားနေမှုနဲ့အတူ အပူလျှပ်တာမျိုး ဖြစ်ပွားနိုင်ခြေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ပြင်ပလှုပ်ရှားမှုတွေကို လျှော့ချကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အစိုးရအနေနဲ့ အရေးပေါ်စောင့်ကြည့်ဖို့ လိုအပ်တဲ့ ထိခိုက်လွယ်တဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါ၊ ဒါမှမဟုတ် အခံရောဂါရှိသူတွေ၊ ကိုယ်အလေးချိန် လွန်ကဲသူ (ဝသူ) တွေ၊ အရက်သေစာ သောက်သုံးသူတွေ၊ ပြင်ပမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ရသူတွေ၊ (ဥပမာ- ကယ်ရီသမားတွေ၊ ပါဆယ်ပို့ဆောင်သူတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေ)၊ ပြင်ပထွက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ဆိုပြီး လူအုပ်စု ၈ စု သတ်မှတ်ထားပြီး ဘန်ကောက်မြို့တဝန်းမှာလည်း အပူဒဏ်ရှောင်အခန်းတွေ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။

စိုထိုင်းဆ ပိုမိုမြင့်မားလာရင် ခန္ဓာကိုယ်က ချွေးထွက်နိုင်စွမ်း လျော့ကျသွားတာကြောင့် အပူဒဏ်ကို ပိုမိုခံစားရပြီး အပူကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာတွေ ခံစားရနိုင်ခြေ ပိုများလာစေတာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ကျန်းမာရေးကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါ ထိခိုက်နိုင်သလို အစောပိုင်း လက္ခဏာတွေအနေနဲ့ နုံးခွေတာ၊ မူးဝေတာ၊ အပူဖုတွေထွက်တာ၊ အရေပြား နီမြန်းရောင်ရမ်းတာ၊ ကြွက်တက်တာမျိုးတွေ ဖြစ်ပွားနိုင်ပြီး ဂရုမစိုက်ဘဲ ထားရင် အသက်အန္တရာယ်ရှိတဲ့ အပူလျှပ်တာမျိုးအထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က ထွက်ပေါ်ခဲ့တဲ့ နောက်ဆုံးရ မိုးလေဝသ အစီရင်ခံစာအရ ဘန်ကောက်မြို့ဟာ အနီရောင်အဆင့်ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ အပူဒဏ်အညွှန်းကိန်းကို ပြင်းထန်မှုအဆင့် ၄ ဆင့် ခွဲခြားထားပြီး သက်ဆိုင်ရာ လိုက်နာရမဲ့ အချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

အပူဒဏ်အညွှန်းကိန်း ၂၇ ကနေ ၃၂ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ် ဆိုရင် စောင့်ကြည့်ရန်အဆင့်ဖြစ်ပြီး အပူဒဏ်သတိပေးချက် သတင်းတွေကို ဆက်လက်စောင့်ကြည့်ဖို့လိုသလို ထိခိုက်လွယ်တဲ့ အုပ်စုဝင်တွေ အနေနဲ့ သန့်ရှင်းတဲ့ရေကို မကြာခဏ သောက်သုံးပေးဖို့ ညွှန်ကြားထားပါတယ်။

အပူဒဏ်အညွှန်းကိန်း ၃၃ ကနေ ၄၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ် ဆိုရင် သတိပေးချက်အဆင့် ဖြစ်လာပြီး မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ပြင်ပလှုပ်ရှားမှုတွေကို လျှော့ချကာ ထိခိုက်လွယ်တဲ့ အုပ်စုဝင်တွေ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်ဆီ ချက်ချင်းပြသသင့်တယ်လို့ ဆိုပါတယ်။

အပူဒဏ်အညွှန်းကိန်း ၄၂ ကနေ ၅၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ် ဆိုရင်တော့ အန္တရာယ်ရှိအဆင့်လို့ သတ်မှတ်ထားပြီး မိမိကိုယ်ကိုယ် ခံစားရတဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ဖို့လိုသလို ထိခိုက်လွယ်တဲ့ အုပ်စုဝင်တွေ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်ဆီ ချက်ချင်းပြသဖို့ လိုတယ်လို့ ဆိုပါတယ်။

အပူဒဏ်အညွှန်းကိန်း ၅၂ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက်ကိုတော့ အလွန်အန္တရာယ်ရှိ အဆင့်လို့ သတ်မှတ်ထားကာ ပြင်ပလှုပ်ရှားမှုအားလုံးကို အတိအကျ ရှောင်ကြဉ်ဖို့၊ ထိခိုက်လွယ်တဲ့ အုပ်စုဝင်တွေ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်ဆီ ချက်ချင်းပြသဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013