
အိုကီနာဝါငြိမ်းချမ်းရေးဆု လက်ခံရယူဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူနဲ့ တာဝန်ခံ ဒေါက်တာစင်သီယာမောင်ဟာ အောက်တိုဘာ ၁၆ ရက် ဒီနေ့ မနက် ၈ နာရီမှာ ဂျပန်လွှတ်တော်အတွင်း ကျင်းပခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ဂျပန်နိုင်ငံရဲ့ ပါတီစုံလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ "မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးသည့် လွှတ်တော်အမတ်များအဖွဲ့"က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဒေါက်တာစင်သီယာမောင်က “ထိုင်း–မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် ကျန်းမာရေးအပေါ် သက်ရောက်နေသော လူမှုရေးအကြောင်းအချက်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိက ပြောကြားခဲ့ပြီး၊ မြန်မာပြည်သူတွေအတွက် ဂျပန်အစိုးရရဲ့ အကူအညီတွေဟာ ကာလတို ထောက်ပံ့မှုတွေတင် မဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ အကူအညီတွေလည်း ဖြစ်သင့်တယ် လို့ တောင်းဆိုခဲ့ပါတယ်။
ဂျပန်လွှတ်တော်အမတ် အိရှိဘာရှိ မိချိဟိရိုကလည်း ဒေါက်တာစင်သီယာမောင်ရဲ့ တင်ပြချက် တွေဟာ တက်ရောက်လာတဲ့ လွှတ်တော်အမတ်တွေအတွက် အလွန်အဓိပ္ပာယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါက်တာစင်သီယာမောင်တောင်းဆိုခဲ့တဲ့ ရေရှည်အကူအညီတွေ အကောင်အထည် ဖော်နိုင်ရေးအတွက် လွှတ်တော်အမတ်တွေအနေနဲ့ ဆက်လက်ကြိုးပမ်းသွားဖို့ သန္နိဋ္ဌာန် ပိုမိုခိုင်မာ လာတယ်လို့လည်း ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ အိုကီနာဝါခရိုင် ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) လက်ခံ ရယူဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ တွေဆီက ဂုဏ်ပြုဘွဲ့တွေနဲ့ အသိအမှတ်ပြုဆုများစွာ ရရှိထားသူ ဖြစ်သလို၊ ထိုင်း–မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းမှာ နှစ်ပေါင်း ၃၅ နှစ်ကျော်ကြာ လူမျိုးနဲ့ နိုင်ငံသား မခွဲခြားဘဲ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေသူ ဖြစ်ပါတယ်။
ဂျပန်မှာ ရောက်ရှိနေစဉ်အတွင်း ဂျပန်ရောက် မြန်မာပြည်သူတွေ၊ မြန်မာ့အရေးကို အကူအညီပေး နေတဲ့ ဂျပန်အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ဇော်ဇော်လှိုင်











