
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မယ်တော်ဆေးခန်း တည်ထောင်သူနဲ့ တာဝန်ခံ ဒေါက်တာစင်သီယာမောင်ဟာ အောက်တိုဘာ ၁၆ ရက် ဒီနေ့မနက်က ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပါလီမန်ဒုဝန်ကြီး မစ္စအိကုအိနာအာကိကိုနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ မိနစ် ၃၀ လောက် ကြာမြင့်ခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲမှာ ဒုဝန်ကြီး မစ္စ အိကုအိနာအာကိကိုက ထိုင်း–မြန်မာ နယ်စပ်ဒေသမှာ နှစ်ပေါင်းများစွာ ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာသူတွေနဲ့ အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြား လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ မယ်တော်ဆေးခန်းရဲ့ ကြိုးပမ်းမှုများကို လေးစားဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မယ်တော်ဆေးခန်းက အိုကီနာဝါ ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ကလည်း ထိုင်း–မြန်မာ နယ်စပ်ဒေသမှာ လက်ရှိ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဂျပန်ဘက်ကို အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့ပါတယ်။
ဒါ့အပြင် မယ်တော်ဆေးခန်းနဲ့ နယ်စပ်ဒေသက အကူအညီ လိုအပ်နေသူတွေအတွက် အရင်ကတည်းက ထောက်ပံ့ကူညီပေးခဲ့တဲ့ ဂျပန်အစိုးရနဲ့ ဂျပန်အရပ်ဘက်အဖွဲ့အစည်း (NGO) တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲအတွင်း ဒုဝန်ကြီး အိကုအိနာ အာကိကိုက ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက် ကို ထပ်မံရှင်းလင်း ပြောကြားခဲ့ပြီး၊ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့သွားမဲ့ မူဝါဒကို ဆက်လက် ထိန်းသိမ်းထားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေကို မြန်မာပြည်သူတွေထံ တိုက်ရိုက် အကျိုးခံစားခွင့် ရရှိစေမဲ့ နည်းလမ်းတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံပွဲမှာ ဂျပန်လွှတ်တော်အမတ် မစ္စတာ အီချီဘရှိ လည်း တက်ရောက်ခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်းကို ချီးမြှင့်မဲ့ ၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကိုတော့ အောက်တိုဘာ ၁၉ ရက်နေ့ အိုကီနာဝါခရိုင်၊ နဟာမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။











