
အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်တဲ့ ပူပြင်းခြောက်သွေ့မှုဒဏ်နဲ့ ရေရှားပါးမှုဒဏ်ကို ကြိုတင် ပြင်ထားဖို့ လိုတယ်လို့ စစ်အာဏာရှင်သမ္မတက အောက်တိုဘာ ၅ ရက်က နေပြည်တော်မှာ ပြောပါတယ်။
စစ်အာဏာရှင် လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် လျှပ်စစ် ဓာတ်အား သုံးစွဲမှု များလာလို့ ပွင့်လင်းရာသီမှာ နိုင်ငံတဝန်း အလှည့်ကျစနစ်နဲ့ပဲ မီးပေးတော့မဲ့ အကြောင်း ထုတ်ပြန်အပြီးမှာပဲ စစ်အာဏာရှင်သမ္မတက အခုလို ပြောဆိုလာတာပါ။
ရာသီဥတု ဆိုးရွားမှုတွေနဲ့ လာမဲ့ ၂၀၂၇ မိုးရာသီမတိုင်ခင်အထိ ဖြစ်လာမဲ့ အယ်လ်နီညိုရဲ့ ပူပြင်းမှုဒဏ်ကို ကျော်ဖြတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ စစ်အာဏာရှင်သမ္မတက ပြောဆို နေပေမဲ့ အလှည့်ကျမီးပေးမဲ့ ထုတ်ပြန်ချက်ကြောင့် ပြည်သူတွေကတော့ ပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ဖို့နဲ့ နေ့စဉ် လူနေမှုဘဝတွေအတွက် စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီမှာလည်း နိုင်ငံတဝန်းက ပြည်သူတွေဟာ တနေ့ကို လျှပ်စစ်မီး နာရီ အနည်းငယ်သာ ရရှိတာကြောင့် လူမှုဘဝတွေ များစွာထိခိုက်ခံစားခဲ့ကြရပြီး အပူဒဏ်ကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက မြို့တွေအပါအဝင် နိုင်ငံအနှံ့မှာ လျှပ်စစ်မီးတွေ အလှည့်ကျပဲ ပေးတော့မယ်လို့ စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်ဌာနက အသိပေးထုတ်ပြန်နေပါတယ်။











