
အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေနဲ့ ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေနဲ့ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလဲမှုတွေဟာ မည်သည့်တရားဝင်မှုမျှ ဖြစ်ပေါ်စေမှာမဟုတ်ကြောင်း ဥရောပသမဂ္ဂ (EU) က ဇွန် ၁၉ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာစစ်အုပ်စုထံ လက်နက်ခဲယမ်းတွေ စီးဆင်းနေမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု (Global Arms Embargo) အမြန်ဆုံး ချမှတ်ပေးကြဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို အလေးအနက် တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၄၀ ကျော် ပြုလုပ်ခဲ့ပြီး ကလေးသူငယ်များစွာကို သေကျေထိခိုက်စေခဲ့သလို၊ မကြာသေးမီကလည်း စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ EU သံအမတ်ကြီး Hedda Samson က ထောက်ပြထားပါတယ်။
ထို့အတူ စစ်အုပ်စုရဲ့ မတရားစစ်မှုထမ်းဥပဒေဟာ လူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကို လက်နက်သဖွယ် အသုံးချနေခြင်းဖြစ်ပြီး၊ နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam) တွေ ကျယ်ပြန့်လာနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုထံ လက်နက်ထောက်ပံ့နေတဲ့ နိုင်ငံတွေ ချက်ချင်းရပ်တန့်ကြဖို့၊ စစ်ရာဇဝတ်မှုတွေအတွက် IIMM၊ ICC နဲ့ ICJ တို့ရဲ့ တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းတွေကို အပြည့်အဝထောက်ခံဖို့နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဝိုင်းဝန်းဖိအားပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။










