DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ ရွေးကောက်ပွဲကို အယုံအကြည်မရှိသဖြင့် ရန်ကုန်မြို့ခံအချို့ မဲသွားမပေး
DVB
·
December 28, 2025
စစ်တပ်၏ ရွေးကောက်ပွဲကို အယုံအကြည်မရှိသဖြင့် ရန်ကုန်မြို့ခံအချို့ မဲသွားမပေး
Donate to DVB

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့ ကျင်းပနေတာမှာ ရန်ကုန်မြို့ခံတွေကတော့ ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ မဲသွားမပေးကြဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့ခံအများစုကတော့ စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားသလို အယုံအကြည်လည်း မရှိတဲ့အတွက်ကြောင့် မဲမပေးတာလို့  DVB ကို ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ဒီနေ့ မဲပေးတဲ့ အခြေအနေကတော့ ခါတိုင်းနှစ်တွေနဲ့ မတူဘူး၊ လူလည်း ပါးတယ်၊ လူတွေက တက်တက်ကြွကြွလည်း မရှိကြဘူး။ ကျနော် မဲရုံတခုရှေ့က ဖြတ်လာတာ အရင်နှစ်တွေကလောက်လည်း မတွေ့ရဘူး၊ ကျိုးတိုးကျဲတဲပဲ။ ကျနော်တို့လို အရွယ်ကောင်း ယောကျ်ားသားတွေ အများအပြား မတွေ့ရဘူး။ အိမ်ထောင်ရှင်မ တချို့လောက်ပဲ မဲပေးတာကို တွေ့ရတယ်။ ကျနော်ကိုယ်တိုင်က မဲကိစ္စတွေကို စိတ်မဝင်စားတဲ့အတွက် မဲစာရင်းလည်း သွားမကြည့်ဘူး၊ ကိုယ်တိုင်လည်း မဲသွားမပေးဖြစ်ဘူး။ မပေးတာကတော့ အယုံအကြည်မရှိလို့ သွားမပေးဖြစ်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ရွေးကောက်ပွဲတွေလောက် စိတ်ဝင်စားသူ မရှိသလို စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲသွားမပေးတာလို့ သင်္ဃန်းကျွန်းမြို့နယ်မှာ မဲစာရင်းပါပေမဲ့ သွားမပေးဖြစ်ကြောင်း ဒေသခံတယောက်ကလည်း ပြောပါတယ်။

“ရန်ကုန်မှာ ဒီနေ့က မဲပေးရက်လေ၊ အန်တီကတော့ သွားမပေးဖြစ်ဘူး၊ သွားမပေးတာပေါ့နော်၊ မပေးချင်လို့၊ အရင် ၂၀၂၀ ကတော့ အန်တီပေးခဲ့တယ်။ အခုကတော့ ဘယ်လိုမှကို မပေးချင်တာ။ အရင် ၂၀၂၀ တုန်းက စစ်မှန်တဲ့ ရွေးကောက်ပွဲလေ။ အခုရွေးကောက်ပွဲကကျတော့ မစစ်မမှန်ဘဲ တရားမမျှတဘဲ တဖက်သတ်ရွေးကောက်ပွဲကြီး ဖြစ်နေတယ် ဆိုတဲ့အခါကျတော့ ဘယ်လိုမှ မဲပေးချင်စိတ် ရှိမနေဘူး။ အဲဒါကြောင့် သွားမပေးတာ။”

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ပါတီတွေသာ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အတိုက်အခံမပါတဲ့ ရွေးကောက်ပွဲရလဒ်ဟာ သိသာနေကြောင်းကိုလည်း ရန်ကုန်က ပြည်သူတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ထောင်ရှင်မတယောက်က “ကိုယ်ကတော့ သွားမပေးဖြစ်ပါဘူး။ ဘာလို့ သွားမပေးတာလဲ ဆိုရင်တော့ မအားတာလည်းပါတယ်၊ ကလေးတဖက်နဲ့ကျတော့ အဆင်မပြေဘူးပေါ့။ ပြီးတော့ မပေးချင်တာ။ အမှန်တိုင်းပြောရရင်တော့ တက်ကြွမှုလည်း မရှိဘူး။ ကိုယ့်ရဲ့စိတ်ကိုက မပေးချင်တဲ့စိတ် ဖြစ်နေတာ။ ဆိုတော့ မပေးတော့ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ဘယ်သူ နိုင်မယ်၊ ဘယ်သူ ရှုံးမယ် ဆိုတာလည်း အဖြေတွေကလည်း အတိအကျ သိထားတာကိုး။ ဒါတွေက သွားပေးလည်း ဒီ result ပဲ၊ သွားမပေးလည်း ဒီ result ပဲလို့တော့ ထင်တယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေက စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်ကြဖို့ တိုက်တွန်းနေကြပါတယ်။

ရန်ကုန်လူထုကတော့ မဲရုံတွေဆီကို သွားလာတာမျိုး မတွေ့ရဘူးလို့ ရွေးကောက်ပွဲအခြေအနေကို  စောင့်ကြည့်နေတဲ့ သတင်းထောက်ဟောင်းတယောက်ကလည်း ပြောပါတယ်။

“ဒီနှစ် မဲပေးတဲ့ အခြေအနေကတော့ လုပ်သမျှ ရွေးကောက်ပွဲထဲမှာ စံချိန်တင်ပြီး လူစိတ်ဝင်စားမှု လျော့အကျဆုံး ရွေးကောက်ပွဲလို့ ပြောလို့ရတယ်။ ပြောရရင် လမ်းမပေါ်မှာ လူတွေကို ရှိတောင်မရှိဘူး။ မဲပေးတဲ့ အနေအထားတွေကို သိချင်တယ်၊ နောက်ပြီး တချို့မဲရုံတွေကို သွားကြည့်ဖြစ်တယ်၊  ပွင့်ပွင့်လင်းလင်း ပြောရရင် လူဦးရေက တော်တော်လေးကို နည်းတယ်။”

ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ရန်ကုန်မြို့အတွင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဗိုလ်တထောင်၊  မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံ မြို့နယ် ၁၂ ခုမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013