
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်တပ်ကကျင်းပနေတဲ့ ရွေးကောက်ပွဲအပိုင်း ၁ အတွက် သတ်မှတ်ထားတဲ့ မဲရုံတွေရဲ့ ပတ်ဝန်းကျင်တွေမှာ စက်သေနတ်တင်ထားတဲ့ကားတွေ၊ သံချပ်ကာကားတွေနဲ့ လုံခြုံရေး ကင်းပတ်နေတယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။
ကလေးမြို့မှာ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ထဲက ရပ်ကွက် ၈ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲ လုပ်နေတဲ့ ပင်လုံ၊ တပ်ဦးသီတာ၊ အောင်သစ္စာ၊ အောင်မင်္ဂလာ စတဲ့ မဲရုံတွေရှိတဲ့ ရပ်ကွက် ၁၂ ခုလောက်မှာ စစ်တပ်က အင်အားပြတဲ့ပုံစံနဲ့ ကင်းလှည့်နေတာလို့ မြို့ခံတွေက ဆက်ပြောပါတယ်။
ကလေးမြို့ခံတယောက်က “လောလောဆယ် လုံခြုံရေးကတော့ မြို့ထဲမှာ သူတို့ အင်အားပြတဲ့ပုံစံ အနေနဲ့ ကင်းတွေပတ်နေတယ်။ စက်သေနတ်တင်ထားတဲ့ကားတွေ၊ သံချပ်ကာကားတွေနဲ့ရော သူတို့မဲရုံတွေရဲ့ ပတ်ဝန်းကျင်တွေမှာတော့ လှုပ်ရှားနေတယ်။ မြို့ထဲမှာတော့ လမ်းသွားလမ်းလာ ရှင်းနေပါတယ်” လို့ ပြောပါတယ်။
တာဟန်း၊ ကြို့သုံးပင်၊ တောင်ဇလပ် စတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်တွေမှာလည်း စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းနေသလို ပျူစောထီးနဲ့ ရဲအဖွဲ့တွေကလည်း လမ်းကြိုလမ်းကြားထိ လိုက်လံစစ်ဆေးနေတာကြောင့် မြို့ခံလူငယ်အများစုက စိုးရိမ်နေကြရပါတယ်။
ဒေသခံလူငယ်တယောက်က “ကျနော်နေတဲ့ရပ်ကွက်က ရွေးကောက်ပွဲမလုပ်တဲ့ ရပ်ကွက်ထဲမှာ။ ရွေးကောက်ပွဲ မစခင်ကတည်းက ကလေးမြို့မှာ လူဖမ်းပွဲကြီးဖြစ်နေတော့ ဒီနေ့လည်း အပြင်မထွက်ဘူး၊ အစစ်ဆေး အဖမ်းဆီးကြောက်လို့။ မနေ့ညကတော့ လက်နက်ကြီးအသံ ၄-၅ ခါလောက် ကြားတယ်၊ ဝေးတော့ဝေးတယ်။ နောက် ဒီမနက်မြို့ထဲမှာ စစ်ကားတွေနဲ့ ပတ်နေတယ်ကြားတယ်” လို့ ပြောပါတယ်။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ထုတ်ပြန်ချက်အရ ကလေးမြို့မှာ လူဦးရေ ၃၄၅,၅၁၆ ယောက် နေထိုင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၆,၈၉၂ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲတွေကြောင့် ကလေးမြို့အနီးနားက ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
မောရစ်










