DVB Logo
Home
မြန်မာသတင်း
၉ မြို့နယ်ရှိ  ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁,၀၀၀ ကျော်၌ ရွေးကောက်ပွဲမလုပ်နိုင်ဟု ကြေညာ
DVB
·
December 28, 2025
၉ မြို့နယ်ရှိ  ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁,၀၀၀ ကျော်၌ ရွေးကောက်ပွဲမလုပ်နိုင်ဟု ကြေညာ
Donate to DVB

မြန်မာပြည်တွင်း မြို့နယ် ၉ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁,၀၀၀ ကျော်မှာ ရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးလို့ အတုအယောင်ရွေးကောက်ပွဲမစခင် နာရီပိုင်းအလိုမှာပဲ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် မဲဆန္ဒနယ် ၂ ခုနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် မဲဆန္ဒနယ် ၉ ခုတို့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကို မလုပ်တော့ဘူးလို့ ဆိုပါတယ်။

ဒီထဲမှာ ချင်းပြည်နယ်က ၃ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၂ မြို့နယ်၊ ရခိုင်ပြည်နယ်က ၄ မြို့နယ် ပါဝင်ပါတယ်။ အဲဒီ ၉ မြို့နယ်မှာတော့ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ ကြေညာပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာရှိတဲ့  ရပ်ကွက် ၆၂ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၀၀၂ အုပ်စု၊ စုစုပေါင်း ၁၀၆၄ ခုမှာလည်း မလုပ်နိုင်တော့ဘူးလို့ ကြေညာလာတာပါ။

ဒါကြောင့် ရွေးကောက်ပွဲမလုပ်နိုင်တာ မြို့နယ် ၆၅ မြို့နယ် ရှိလာပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စု စုစုပေါင်း ၄,၀၀၀ လောက် ရှိလာပါတယ်။

ဒါဟာ တနိုင်ငံလုံးက မြို့နယ် ၃၃၀ နဲ့တွက်မယ်ဆိုရင် ၅ ပုံ ၁ ပုံလောက်မှာ မလုပ်နိုင်တော့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင်ကျင်းပနေပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ လုပ်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013