DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲမြို့တွင် ပြည်ပကြိုတင်မဲ ၈၀၀ ကျော်ရ၊ မဲမသမာမှုရှိနိုင်ဟုဆို
DVB
·
December 27, 2025
လှိုင်းဘွဲမြို့တွင် ပြည်ပကြိုတင်မဲ ၈၀၀ ကျော်ရ၊ မဲမသမာမှုရှိနိုင်ဟုဆို
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က ပြည်ပကြိုတင်မဲ ၈၀၀ ကျော် လက်ခံရရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ မသမာတဲ့ ကြိုတင်မဲတွေ ပါနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်းဘွဲမြို့နယ်ကနေ ပြည်ပရောက်ရှိနေသူတွေ ပေးတဲ့ကြိုတင်မဲကို ဒီဇင်ဘာ ၂၅ ရက်က ရေတွက်ခဲ့တာဖြစ်ပြီး မဲပေးသူ ၈၆၂ ယောက်ရှိခဲ့တယ်လို့ စစ်ကောင် စီဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတာ နည်းပါးလွန်းခဲ့တာဖြစ်လို့ မြို့နယ်တခုက မဲ ရာချီရတာ မဖြစ်နိုင်ဘူးလို့ မြို့ခံပြည်သူအချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

လှိုင်းဘွဲဒေသခံတယောက်က “ပြည်ပသွားတဲ့သူတွေ တော်တော်များများ ရှိပါတယ်။ မဲကတော့ ဒီလောက်တော့ ရှိမယ်လို့ကို မထင်ဘူး။ သူတို့ ရွေးကောက်ပွဲမစခင်ကတည်းက မဲလိမ်၊ မဲ ခိုးနေပြီလား မပြောတတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီသြဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ပကြိုတင်မဲလက်ခံရရှိတဲ့ အရေအတွက်ကို ထုတ်ပြန်တာမရှိပေမဲ့ အဲဒီကော်မရှင်ရုံး သတင်းအရင်းအမြစ်တွေဆီ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ကြိုတင်မဲ ၃၀၀၀ လောက်ပဲရှိတာလို့ ဆိုပါတယ်။

အဲဒီထဲကမှ ပြည်ပသွားရောက်လုပ်ကိုင်သူ သိန်းနဲ့ချီရှိတဲ့ မွန်ပြည်နယ်မှာ ပြည်ပက ကြိုတင်မဲ ပေးသူ ၈၄ ယောက်ပဲရှိတယ်လို့ အဲဒီပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

လှိုင်းဘွဲမြို့နယ်မှာ ပါတီ ၇ ခုက ဝင်ပြိုင်ဖို့ရှိနေပြီး အခုကြိုတင်မဲမှာ စစ်တပ် ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီအတွက် ပိုများနိုင်မယ်ဆိုပြီး ကောက်ချက်ချတာတွေလည်း ရှိနေပါတယ်။ 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013