DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းခန့်ရှိဟု စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ်ပြော
DVB
·
December 27, 2025
ရခိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းခန့်ရှိဟု စစ်ကောင်စီခန့် ရခိုင်ဝန်ကြီးချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်က မြို့နယ် ၃ ခုမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၅,၈၈၈ ယောက်ရှိပြီး မဲရုံပေါင်း ၁၆၄ ခုနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဒီဇင်ဘာ ၂၆ ရက်က ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ ရွေးကောက်ပွဲကို မြို့ပေါ်ရပ်ကွက်တွေမှာသာ ကျင်းပနိုင်မှာဖြစ်ပြီးတော့ မာန်အောင်မြို့နယ်တခုတည်းမှာသာ မြို့နယ်လုံး ကျင်းပနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားတာတွေရှိပြီး ဒေသခံတွေအနေနဲ့ မဲထည့်ဖို့ ဆန္ဒသိပ်မရှိကြဘူးလို့ စစ်တွေမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“စစ်ကောင်စီကတော့ မနက်ဖြန် ရွေးကောက်ပွဲနဲ့ မြို့ပေါ်လုံခြုံရေး တင်းကျပ်ထားတာရှိတယ်။ မဲရုံစိုက်တဲ့နေရာတွေမှာ စစ်သားတွေရော၊ ရဲသားတွေရော လုံခြုံရေး ယူထားတာတွေရှိတယ်။ မြို့ခံတွေအနေနဲ့ကတော့ မဲထည့်ဖို့ဆိုပြီး ဆန္ဒပြင်းပြနေကြတာသိပ်မတွေ့ရဘူး။ ဒီရွေးကောက်ပွဲက ရခိုင်တွေအတွက်လည်း ဘာမှထူးထူးခြားခြားမျှော်လင့်ချက်တွေ ရှိမှာမဟုတ်ဘူး။ စစ်အုပ်စုနဲ့ အလိုတော်ရိတွေ အာဏာမြဲနိုင်ဖို့ ဟန်ပြရွေးကောက်ပွဲသာဖြစ်တယ်။”

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေပြီး စစ်တွေမြို့ပေါ်ကရပ်ကွက်အချို့မှာတောင် ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်ကောင်စီက ဒီဇင်ဘာ ၅ ရက် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်မြို့နယ်ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာတောင့် ရပ်ကွက်နဲ့ ကျေးအုပ်စု ၇၁ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။

ဒါအပြင် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့မှာလည်း ရွေးကောက်ပွဲကို လုံးဝကျင်းပနိုင်မှာမဟုတ်ဘူးလို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒီရွေးကောက်ပွဲကို ရခိုင်ပြည်နယ် အခြေစိုက်ပါတီတွေဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီ(RNP)နဲ့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမပိုင်း၊ ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယပိုင်းနဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တတိယအပိုင်း ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013