
နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တီနူဘူ က ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်မယ်လို့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က လူမှုမီဒီယာမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ကတိပြု ဖော်ပြပါတယ်။
“သမ္မတ တယောက်အနေနဲ့ နိုင်ဂျီးရီးယားမှာ ဘာသာရေးလွတ်လပ်ခွင့်ကို မြှင့်တင်ဖို့နဲ့ ဘာသာတရား အမျိုးမျိုးက လူတိုင်းကို အကြမ်းဖက်မှုကနေ ကာကွယ်ဖို့ ကျနော့်ဩဇာ အာဏာထဲကနေ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ”လို့ တီနူဘူက သူ့ရဲ့ကြေညာချက်နဲ့ ပူးတွဲပါ စာတစောင်ထဲမှာ ပြောကြားခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်မှာ ရာထူးတာဝန်ယူကတည်းက နိုင်ငံရဲ့ လုံခြုံရေး၊ စည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်မှုကို ကာကွယ်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို နိုင်ဂျီးရီးယားနိုင်ငံသားတွေကို အဆက်မပြတ် အာမခံခဲ့ပါတယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။
နိုင်ဂျီးရီးယားအစိုးရရဲ့ တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုဟာ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းရှိ အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အမေရိကန်စစ်တပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပြီး သူတို့ဟာ ဒေသတွင်းရှိ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားနေခဲ့တဲ့ အဖွဲ့လို့ ဆိုပါတယ်။
နိုင်ဂျီးရီးယား အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကာ ISIS စစ်သွေးကြွ အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ အာဖရိက ကွပ်ကဲရေးဌာနက X မှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ အောက်တိုဘာလ နှောင်းပိုင်းကစပြီး နိုင်ဂျီးရီးယားရှိ ခရစ်ယာန်ဘာသာဝင်တွေဟာ “တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု” နဲ့ ရင်ဆိုင်နေရကြောင်း သတိပေးမှုတွေ စတင်ပြုလုပ်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ပျက်ကွက်နေတယ်လို့ဆိုကာ အနောက်အာဖရိကနိုင်ငံ နိုင်ဂျီးရီးယားထဲကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက်မှာ အခုတိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။
နိုင်ဂျီးရီးယားအစိုးရက လက်နက်ကိုင်အဖွဲ့တွေဟာ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေ နှစ်ဖက်စလုံးကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနဲ့ ခရစ်ယာန်တွေကို ဖိနှိပ်ချုပ်ချယ်မှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အမေရိကန်ရဲ့ အခိုင်အမာ ပြောဆိုချက်တွေဟာ ဖြစ်ရပ်မှန် အခြေအနေ အရပ်ရပ်ကို အပြည့်အဝ ကိုယ်စားပြုခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စစ်သွေးကြွအဖွဲ့တွေကို နှိမ်နင်းဖို့ရာ သူ့တပ်ဖွဲ့တွေကို အားဖြည့်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










