
မြန်မာစစ်ကောင်စီရဲ့ ဘာသာရေးဆိုင်ရာအကြမ်းဖက်မှုတွေကို အမေရိကန်သမ္မတ အိမ်ဖြူတော်အထိ တင်ပြသတင်းပေးပို့သွားမယ်လို့ Burma Research Institute (BRI) တာဝန်ရှိသူက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဓိကအကြံပေး မတ်ခ်ဝါလ်ကာကို Burma Research Institute (BRI) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေ မတ် ၂၅ ရက်က နိုင်ငံခြားရေးရုံးမှာ တွေ့ဆုံခွင့်ရခဲ့ချိန်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖိအားပေးအရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်
သမ္မတထရမ့်ပ် အစိုးရရဲ့ မူဝါဒရေးရာမှာ ဘာသာရေးဟာ ဦးစားပေးကိစ္စရပ်တခုအဖြစ် ပါဝင်နေပြီး မတ်ခ်ဝါလ်ကာကို တွေ့ဆုံခွင့်ရခဲ့တာဟာ စစ်ကောင်စီကို ဖိအားပေးအရေးယူနိုင်ရေးမှာ တော်လှန်ရေးအင်အားစုတွေဘက်က ခြေတလှမ်း ထပ်တိုးနိုင်ခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံမှုမှာ ခရစ်ယာန်နဲ့ ဘာသာပေါင်းစုံအဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးပြီး နိုင်ငံခြားရေးဝန်ကြီး၊ မာကိုရူဘီအိုဆီ လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း BRI က ပေးအပ်ခဲ့ပါတယ်။
မတ်ခ်ဝါလ်ကာကို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အရေးယူနိုင်ရေးအတွက် အကြံပြုချက် ၁၀ ခုအထိ သတင်းစကားပေးခဲ့ပြီး နောက်တဆင့်အနေနဲ့ သမ္မတအိမ်ဖြူတော်၊ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေဆီအထိ ဝင်ရောက်သတင်းစကားပေးပို့သွားမယ်လို့ BRI တည်ထောင်သူ ဇိုသုန်းမှုန် က ပြောပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အကြီးဆုံးပုဂ္ဂိုလ် မတ်ခ်ဝါလ်ကာ လို့ခေါ်တယ်၊ Principle Advisor လို့ခေါ်တဲ့အဓိကအကြံပေးပုဂ္ဂိုလ်၊ သမ္မတကိုယ်တိုင်က ခန့်တယ်၊ သူ အလုပ်ဝင်တာ ဇန်နဝါရီလမှာပဲ အလုပ်ဝင်တယ်၊ အခု သူ့ကိုတွေ့ ခွင့်ပေးတဲ့ဟာ ကျနော်တို့ တကယ်ပဲ ဝမ်းသာတယ်၊ စစ်အစိုးရကနေ ခရစ်ယာန်ဘာသာဝင်တွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တယ်၊ အဲဒီဟာတွေကို လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီးတော့ US အစိုးရကနေ သတ်မှတ်စေချင်တယ်၊ စစ်ရာဇဝတ်မှုဆိုပြီးတော့လည်း သတ်မှတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းတယ်၊ နောက်တချက်က ဘာသာရေးခေါင်းဆောင်တွေပဲဖြစ်ဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြားသူတွေ အခုထောင်ထဲမှာရှိနေတယ်၊ အဲ့ဒါကိုလည်း ချက်ချင်းလွှတ်ဖို့ အမေရိကန်အစိုးရကနေ ဖိအားပေးဖို့ တိုက်တွန်းတယ်၊ ကျနော်တို့ထဲမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦး လည်းပါတယ်၊ ကျနော်တို့ တကယ်ပဲ ကျေးဇူးတင်တယ်။”
NUG နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးက မတ်ခ်ဝါလ်ကာနဲ့ တွေ့ဆုံရာမှာ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရဟာ စစ်အစိုးရသာဖြစ်ပြီး သူတို့ကို အသိအမှတ်ပြု ဆက်ဆံတာမျိုးမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
မတ် ၄ ရက် ထုတ်ပြန်ခဲ့တဲ့ အမေရိကန်၊ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ရဲ့ ၂၀၂၆ နှစ်ပတ်လည်အစီအရင်ခံစာမှာ ပါဝင်ခဲ့တဲ့ ပြင်ဆင်ချက်တွေအတိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က NUG အပါအဝင်တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ထိတွေ့မှု ရှိလာတာပါ။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မြန်မာပြည်တွင်းမှာရှိနေတဲ့ ဘာသာစုံနီးပါးပုဂ္ဂိုလ်တွေနဲ့ သူတို့တွေ တွေ့ဆုံတယ်၊ သေချာနားလည်အောင် ကြိုးစားတယ်၊ နားထောင်တယ်၊ ဒါတွေဟာ အင်မတန်ကောင်းမွန်တဲ့ အလားအလာတွေပေါ့၊ အရင်တုန်းကဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆိုလို့ရှိရင် သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ရှိတယ်၊ ခုတော့ ဒီလိုမျိုးမဟုတ်ဘဲနဲ့ သူတို့ရဲ့ နားလည်သဘောပေါက်မှု တိုးပွားလာတဲ့ သင်္ကေတပေါ့လေ၊ လူ့အခွင့်အရေးတွေ ဘာသာရေးလွတ်လပ်ခွင့်တွေ ဒါတွေကို ပိုပြီးတော့မှ တိုးပွားလာဖို့ အာဏာလုထားတဲ့ စစ်အုပ်စုရဲ့ရာဇဝတ်မှုတွေ ဒါတွေကို တားမြစ်နိုင်ဖို့အတွက်ကို အမေရိကန်နဲ့ဆက်ဆံရေးတွေကို မြှင့်တင်သွားဖို့ စသဖြင့်ပေါ့နော်”လို့ ပြောပါတယ်။
မတ်၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ရဲ့ ၂၀၂၆ နှစ်ပတ်လည်အစီအရင်ခံစာမှာ ဒီမိုကရေစီအင်အားစုတွေအတွက် အကျိုးရှိစေမဲ့ အပြောင်းအလဲတွေ ပါဝင်ခဲ့တာပါ။
အရင်နှစ်က NUG ဟာ အမေရိကန်အစိုးရနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုတင်သတ်မှတ်ချက်တွေရှိခဲ့ပြီး အခုနှစ်မှာတော့ သတ်မှတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။
ကြိုတင်သတ်မှတ်ချက်တွေမှာ ရိုဟင်ဂျာတွေကို ဆန္ဒအလျောက် နေရပ်ပြန်ရေးနဲ့ နိုင်ငံသားအဖြစ် ပြန်လည်ပေးအပ်ရေးအချက် အပါအဝင် ပြည်တွင်းမှာ ထိလွယ်ရှလွယ် ဖြစ်စေခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အချက်အလက်တချို့ ပါဝင်ခဲ့ပါတယ်။
အခုနှစ်မှာတော့ ကြိုတင်သတ်မှတ်ချက်ဆိုတဲ့ အသုံးအနှုန်းကို ဖြေလျှော့လိုက်ပြီး ပူးတွဲရည်မှန်းချက်အဖြစ်သာ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှုအလွန် NUG၊ တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံပြန်လည် တည်ဆောက်ရေးမူဝါဒတွေမှာ ကြိုတင်သတ်မှတ်ချက်တွေကို သေသေချာချာ ထည့်သွင်းဖို့ကိုသာ ပြောင်းလဲတိုက်တွန်းထားပါတယ်။










